လင်းလက်လုလင် နိုးလာတော့မီးဖိုဘေးတွင်အိပ်ပျော်နေခဲ့တာကိုသတိရသွားသည်။မီးဖိုလေးက မီးမငြိမ်းသေးဘဲ မည်းနက်နေသည့်ရေနွေးကရားအိုးတည်ထားတာတွေ့ရသည်။ရေနွေးကရားအိုးကရေပွက်ပွက်ဆူနေပြီး အငွေ့တလူလူထွက်နေသည်။လင်းလက်လုလင် ကိုယ်ပေါ်တွင် စောင်တစ်ထည်ရှိကာ ခေါင်းကလည်း ခေါင်းအုံးပေါ်တွင်ရှိနေသည်။စိုင်းမြတ်က သူ့ကိုမီးဖိုဘေးတွင် အိပ်ရာ ပြင်ပေးခဲ့ပုံရသည်။
လင်းလက်လုလင် ထကာ စောင်လေးကို ခေါက်ပြီး ခေါင်းအုံးပေါ်တင်လိုက်သည်။စောင်ခေါက်ပြီးသည်နှင့် တဲပေါ်တစ်စုံတစ်ယောက်တက်လာသံကို ကြားရသည်။လင်းလက်လုလင် လှည့်ကြည့်လိုက်တော့ စိုင်းမြတ်က ခေါပုတ်တွေနှင့် ဆီတိုဖူးပန်းကန် ယူလာတာကိုတွေ့ရသည်။
"နိုးပြီလား အကို တဲအောက်မှာ ကျွန်တော် ရေခပ်ထားတယ် မျက်နှာသွားသစ်လိုက်ဦး"
လင်းလက်လုလင် ခေါင်းညိတ်ပြီး ထလိုက်သည်။
"အကို ရေနွေးယူသွား ရေကအေးတယ်"
စိုင်းမြတ်ထင် ရေနွေးကရားအိုးကို လင်းလက်လုလင်ကိုပေးသည်။လင်းလက်လုလင် ရေနွေးအိုးကိုယူကာ တဲအောက်ဆင်းပြီးမျက်နှာသစ်သည်။နံနက်စောစောချိန်ခါဖြစ်၍ လက်ဖက်ရွက်ကလေးများပေါ်တွင် နှင်းစက်တွေတင်ကျန်နေသည်။လေထုက နှင်းများကြောင့်မှုန်ဝါးဝါးဖြူဖွေးနေကာ မြင်ရလေသမျှက ထိုင်းမှိုင်းအေးချမ်းနေသည်။
လင်းလက်လုလင် ရေနွေးနဲ့ရေအေးစပ်ပြီး မျက်နှာသစ်ကာ တဲအိမ်ပေါ်တက်ခဲ့သည်။ဆောင်းလေ အေးအေးကသိပ်ကိုချမ်းအေးစေသည်။
လင်းလက်လုလင် တဲအိမ်ပေါ်ရောက်တော့ စိုင်းမြတ်ထင်က ခေါပုတ်ကင်နေသည်။ခေါပုတ်လေးတွေကမီးအရှိန်ကြောင့် ပြားနေရာမှ ဖောင်းကြွလာပြီး စိုင်းမြတ်ထင်က ခေါပုတ်ကိုအထက်အောက်လှန်နေသည်။
လင်းလက်လုလင် မီးဖိုဘေးတွင်ထိုင်လိုက်သည်။
"အကို စား ဆီတိုဖူးနဲ့တို့စား"
စိုင်းမြတ်ထင် လင်းလက်လုလင်ကို ခေါပုတ်ပူပူလေးပေးသည်။လင်းလက်လုလင် ခေါပုတ်ကိုယူလိုက်ပြီး ခေါပုတ်ကလက်ဖဝါးကို ထိလိုက်သည်နှင့် ပူလွန်းတာကြောင့် ခေါပုတ်ကို ပန်းကန်ထဲထည့်လိုက်သည်။
YOU ARE READING
10cm(Completed)
Short Storyအကွာအဝေး 10cm Started Date-23.3.2022 Ended Date-25.3.2022