[Unicode]
ခြေလှမ်းသွက်သွက်သည် ဘယ်ညာမှန်မှန်ဖြင့် မိုးရွာပြီးကာစလမ်းကို မှုန်ဝါးဝါးအရိပ်နှင့်ထင်ကျန်စေသည်။ မိုးရေစက်လက်လမ်းမီးတိုင်များကို ကျော်ဖြတ်ကာ စားသောက်ဆိုင်အမျိုးမျိုး၏အလွန်တွင် ခန့်ညားထည်ဝါးစွာတည်ရှိနေသော L.A(Los Angeles) မြို့၏ နာမည်ကြီးဝိုင်ဘားရှေ့၌ အနက်ရောင်ဖိနပ်ထူထူသည် ခြေဦးလို့တည်ငြိမ်ကာရပ်တန့်၏။
မဟူရာရောင်ကောင်းကင်၏ ဆွေးမြေ့ဖွယ်နက်ရှိုင်းမှုတွင် တစ်ခုတည်းတည်သော လမင်း၏အလင်းသည် မြို့မီးရောင်များကို ထိုးဖောက်နိုင်စွမ်းမရှိပေ။ စိုရွှန်းသောနှုတ်ခမ်းတစ်စုံသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လျှင်ဖြင့် ပန်းရောင်ပုလဲလုံးလေးများလို စွဲမက်ရစ်မူးဖွယ်ကောင်း၏။ နှုတ်ခမ်းနှစ်လွှာကြားမှ ခုန်ပေါက်သက်ဆင်းလာသည့် အစိမ်းနုရောင်ရှိသောပီကေသည် အမှိုက်စကင်းစင်သောလမ်းပေါ်သို့ အရှိန်အဟုန်ဖြင့်ကျသည်။
ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်သည့်အခါ တုန်ခါနေသည့်ဖုန်း၏အပူရှိန်မှာ ပြင်းလှ၏။ ဘယ်လောက်အထိ ခေါ်ဆိုမှုများအား လျစ်လျူရှုထားမှန်း တစ်နည်းတစ်ဖုံဖြင့် သိသာစေပြန်သည်။ ဖုန်းကိုကိုင်ကာ နာမည်ကိုကြည့်ပြီးနောက် နှုတ်ခမ်းလုံးလေးသည် မြင့်တက်သွားသည်၊ တစ်နည်းအားဖြင့်လည်း စူချွန်လာသေးသည်ဟုပြောရမည်။ ထို့ကြောင့်ပင် နှုတ်ခမ်းလုံးလေး၏အောက်ဘက်ရှိ မှဲ့နက်လေးတစ်စက်သည် မမြင်သာတော့ဘဲ ပုန်းလျှိုသွားလေသည်။
ရှုတ်ထွေးပွေလီသော လမ်းမများထက် လမ်းသရဲများလည်း မှိုလိုပေါကာ ကိုယ့်အန္တရာယ်ကိုယ်ရှောင်နိုင်မှသာ တော်ကာကြမည်။ ဖုန်းဆီစိတ်ရောက်နေမှုဖြင့် သတိမမူမိသည့်အခိုက်ဝယ် ဝူးခနဲမြည်သံနှင့် မောင်းထွက်လာသော ဆိုင်ကယ်တစ်စီးသည် လေပြင်းတိုက်ခတ်သကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဝေ့ဝိုက်သွားသည့်အခါ လွင့်ထွက်သွားသောစိတ်သည် ကမ္ဘာမြေကြီး၏ဆွဲငင်အားအပြင်ဘက်သို့ ခုန်ထွက်သွား၏။
အနောက်သို့ယိုင်သွားသည့် သေးသွဲ့သွဲ့ခန္ဓာကိုယ်လှလှလေးသည် ဟန်ချက်မညီတော့ဘဲ မြေပြင်ပေါ်ဝရုန်းသုန်းကားကျသွားသည်မှာ ယိမ်းသမလေးများ စီးချက်ကျကျနွဲ့ယိမ်းနေသလို တစ်စုံတစ်ဦး၏စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။

YOU ARE READING
City Of Angels [ One Shot ]
FanfictionI found my love in the city of angels. ( 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 × 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 )