" ဟယ် ။ "
သေတ္တာကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လွမ်းသည် အံ့သြသွားသလို အာမေဋိတ်အသံလေး ထွက်လာပါတော့သည် ။
သေတ္တာဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ အမေ့ဓာတ်ပုံဟောင်းလေး ။
အမေက သော့်ရဲ့ဦးနှောက်ထဲမှာ မှိတ်မိနေတဲ့ပုံစံအတိုင်း ပြုံးနေတာပါပဲ ။သော်ဟာ သူမရဲ့ လက်နှစ်ဖက်နဲ့ ဓာတ်ပုံလေးကို အနူးညံ့ဆုံးယူလိုက်ပေမယ့် ဓာတ်ပုံသည် တစ်ပုံထဲမဟုတ် နှစ်ပုံဖြစ်နေပါတော့သည် ။
" ဒါ မမသော် မေမေလားဟင် ။ မေမေက သိပ်လှတာပဲ ။ ဓာတ်ပုံလေးထဲက အပြုံးတောင် အသက်ဝင်နေရော ။ "
" အင်း ။ အမေ့အပြုံးက ကမ္ဘာပေါ်မှာ အလှဆုံးပဲ ။ အမေ့အပြုံးပြီးရင်တော့ မင်းအပြုံးပေါ့ ။ "
မမသော်ရဲ့ သွေးဆောင်တဲ့စကားလေးကြောင့် လွမ်းငယ်လေးမှာ ရှက်ပြုံးလေး ပြုံးလာပါတော့သည် ။
" ဒါနဲ့ အောက်မှာ တစ်ပုံကပ်နေတယ် မမသော် ။ "
သော်လည်း လွမ်းပြောတော့မှ ပုံနှစ်ခုကို ခွာလိုက်တော့ အောက်ကဓာတ်ပုံမှာ သော်ငယ်စဉ်အခါက ရိုက်ထားတဲ့ မိသားစုဓာတ်ပုံလေး ။
ဘယ်လောက်တောင် ပျော်စရာတွေပြည့်နေခဲ့တဲ့ ဓာတ်ပုံလေးဖြစ်မလဲ ။ မိဘနှစ်ပါးလေးကို တစ်ယောက်တစ်ဖက်ဆီ ပွေ့ချီထားလို့ သော့်ရဲ့ပါးကို နမ်းနေပြီး အလည်ကသော်ကတော့ သွားသေးသေးလေးတွေပေါ်အောင် ရယ်နေတဲ့ အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လိုပါပဲ ။
သူမရဲ့ အခုပုံရိပ်နဲ့ လားလားမျှကိုမဆိုင်တဲ့ ကလေးဘဝလေး ။ ပြန်လိုချင်လည်း မရနိုင်တော့ သူမရဲ့အပြစ်ကင်းစင်တဲ့ ကလေးဘဝလေး ။ ပြီးတော့ သူမရဲ့ မိဘနှစ်ပါး ။ သူမ ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်ခြင်း ။
" မမသော်က သိပ်ချစ်ဖို့ကောင်းတာပဲ ။ ဒီလိုမျိုးလေး ရယ်တတ်တယ်လို့ မထင်ခဲ့တာ အမှန်ပဲ ။ "
လွမ်းဟာ သော့်လက်ထဲက ဓာတ်ပုံကို လှမ်းယူလိုက်ပြီး အလယ်က ကလေးလေး မမသော်ကို လက်ညှိုးလေးနဲ့ တထိုးထိုးလုပ်ရင်း ချစ်စရာကောင်းအောင်နှုတ်ခမ်းလေးဆူကာ ပွစိပွစိပြောရင်း သော်ပေါက်စလေးကို အသည်းတယားယားဖြစ်နေပါတော့သည် ။
YOU ARE READING
𝙽𝚘𝚝 𝚃𝚘 𝙱𝚎 𝙻𝚘𝚟𝚎𝚍
General Fiction( Complete ) အချစ်ဦး ၊ ငယ်ချစ်ဦး ဆိုတာ ဘယ်တော့မှ မပေါင်းဖက်နိုင်တဲ့ ဖူးစာရှင်တွေပဲတဲ့ ။ 𝘸𝘳𝘪𝘵𝘵𝘦𝘯 𝘣𝘺 𝙢𝙤𝙧𝘼_𝙣𝙮𝙚𝙞𝙣