အထက်တန်းကျောင်းတစ်ခု၏အရှေ့တွင်ရှိသော အရိပ်ရသစ်ပင်ကြီးအောက်ကနေ ဆိုင်ကယ်ပေါ်ကမဆင်းဘဲ တစ်ယောက်သောသူထွက်လာမယ့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
အင်း... တစ်ယောက်သောသူဆိုတာ ဒီအနုပညာကျောင်းက အထက်တန်းကျောင်းသားလေးတစ်ယောက်ကိုပေါ့။
ကျွန်တော်ကတော့ ဒီတိုင်း သင်ချင်ရာတွေအကုန်ပတ်သင်နေတဲ့ အထက်တန်းကျောင်းသားပါပဲ။သီချင်းဆိုတတ်ချင်လို့ အဆိုသင်တန်းတက်တယ်။ အကသင်တန်းလည်းတက်တယ်။ ကော်ဖီကို ကိုယ်တိုင်ကိုယ်ကျဖျော်တတ်ချင်လို့ အသိအမှတ်ပြုလက်မှတ်ရအောင်ယူခဲ့သလို ကိတ်မုန့်ဖုတ်တတ်ချင်လို့ မုန့်ဖုတ်သင်တန်းလည်း တက်ခဲ့တယ်။ ပုံတွေဆွဲတတ်ဖို့ ပန်းချီသင်တန်းလည်းတတ်တယ်၊ ဓာတ်ပုံရိုက်တဲ့နည်းပညာကိုလည်းလေ့လာတယ်။
ဒီလိုပဲ ကျွန်တော်ကဖြစ်ချင်တဲ့အရာ လုပ်ချင်တဲ့အရာဆို ချက်ချင်းထလုပ်ပြီး မြန်မြန်အတတ်လွယ်တဲ့သူလို့ပြောရမယ်။အနုပညာကျောင်းကိုတက်နေတဲ့ အထက်တန်းကျောင်းသားလေးနဲ့တော့ ကျွန်တော့်အခြေအနေက နည်းနည်းကွာခြားတာပေါ့။ သူ့မှာ အနုပညာကျောင်းတက်ရတယ် ဆိုတာလည်း သူတို့ကုမ္ပဏီကကျောင်းဖြစ်လို့ တက်လို့ရနေတာ။ အနုပညာကျောင်းက အထက်တန်းကျောင်းသားလေးလို့ သိခဲ့ပေမယ့် သူကနာမည်ကြီးကုမ္ပဏီက အနုပညာသင်တန်းသားတစ်ယောက်ဖြစ်နေခဲ့တာတဲ့လေ။
အဲ့ကျောင်းသားလေးက....
" heyyyyyyy..... "
ကျောင်းထဲက ထွက်လာသူကိုမြင်တော့ လှမ်းခေါ်လိုက်ခြင်းပင်။ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ပြေးလာနေတဲ့ပုံကိုကြည့်ရတာ ဒီနေ့ စာသင်ခန်းထဲ အိပ်ရေးဝလာတယ်ထင်ပါရဲ့။ သူကနောက်ဆုံးစာသင်ချိန်ကို အိပ်ရင်းဖြတ်သန်းခဲ့ပေမယ့် ကျွန်တော်ကတော့ အရေးကြီးတဲ့အကြောင်းအရာသင်မယ့် နောက်ဆုံးစာသင်ချိန်ကို အခုလိုမျိုးသူ့ကိုစောင့်မနေနိုင်မှာကြောက်တဲ့စိတ်နဲ့ ဖျက်ခဲ့ရပါတယ်။
" ရော့ "
အနားကိုရောက်ရောက်ချင်း ထိုးပေးလိုက်တာက နီရဲနေတဲ့နှင်းဆီနီနီတွေပြည့်နေတဲ့ပန်းစည်းပင်။ လက်ခနဲဖြစ်သွားတဲ့မျက်လုံးလေးတွေကို မြင်လိုက်ရတော့ အဆူးတွေကြောင့် လက်တွေပေါက်ပြဲပြီး အနာခံအလှဆင်ထားရသည်ကိုတောင်မေ့ချင်သွားရသည်။ ဒါကလည်း သူ့ကိုကိုယ်ကိုယ်တိုင် ကိုယ့်လက်ကိုယ်ခြေနဲ့ဖြစ်တဲ့ပန်းစည်းပေးချင်လို့ ပန်းအလှဆင်တတ်ဖို့သင်တန်းတက်ခဲ့ရသေးသည်။