[Zawgyi]
"ဘယ်တွေကို သွားနေလို့ အခုချိန်မှ ပြန်လာကြတာလဲ?"
အိမ်ထဲကို ဝင်ဝင်ချင်းထွက်ပေါ်လာတဲ့အသံကြောင့် ရိပေါ် ဇက်ပုသွားကာ စိတ်ထဲကနေ သွားပြီဟု ရေရွတ်လိုက်မိသည်။
အသံကြားရာလှည့်ကြည့်လိုက်တော့ တင်းမာနေတဲ့မျက်နှာထားနဲ့ ခါးထောက်ကာ ရပ်နေတဲ့ကျန့်ကောကို မြင်လိုက်ရသည်။ ပါလာတဲ့သကြားလုံးတွေကိုလည်း ကျောဘက်ကို အလျင်အမြန် ဖွက်လိုက်ရသေးသည်။ ကျန့်ကောက သားသားကို သကြားလုံးတွေကျွေးတာ မကြိုက်သည်မို့ သူ ခိုးပြီးကြွေးတာမိသွားခဲ့လျှင် သူ့ဘဝတော့ မတွေးရဲစရာ။
"ဟို...သားသားက မုန့်စားချင်တယ်ဆိုလို့ သွား.. သွားစားတာပါ ကျန့်ကောရဲ့"
"ဟုတ်လား သားသား"
"ဟုတ်ကဲ့ ပါးပါး.."
ပြန်ဖြေလာသည့်သားသားက မျက်နှာငယ်လေးနှင့်မို့ ရှောင်းကျန့် တင်းထားသည့်မျက်နှာထားကို လျော့လိုက်ရသည်။
"သွားမယ်ဆို ပါးပါးကိုတော့ ပြောသွားသင့်တာပေါ့။ အခု ဘယ်အချိန်ရှိနေပြီလဲ။ ပါးပါး မင်းတို့ကို ဘယ်လောက်စိတ်ပူပြီး စောင့်နေရမယ်ဆိုတာ မတွေးမိဘူးလား"
"သား တောင်းပန်ပါတယ် ပါးပါး။ နောက်ဆို ပါးပါးကို ပြောသွားပါ့မယ်။ သားကို စိတ်မဆိုးပါနဲ့နော်..နော်..ပါးပါးနော်"
သူ့ဒယ်ဒီကိုယ်ပေါ်ကနေဆင်းကာ ရှောင်းကျန့်ရဲ့ခြေထောက်ကို ဖက်တွယ်ပြီး ချစ်စဖွယ်မျက်နှာလေးနှင့် ပြောနေတာကြောင့် ရှောင်းကျန့်က ဘယ်လိုစိတ်နဲ့များ စိတ်ဆိုးရက်ပါတော့မလဲ။
"ဟင်း..အဆိုးလေး။ နောက်တစ်ခါဆို မပြောမဆိုနဲ့ မသွားနဲ့တော့နော်။ ကဲ..လာ..ပါးပါး သွားတိုက်ပေးမယ်။ ပြီးရင် အိပ်ကြမယ်နော်"
"ဟုတ်"
သူ့ကို တစ်ချက်မှမကြည့်ဘဲ သားသားနှင့် စကားပြောပြီး ထွက်သွားသည့်ကျန့်ကောကြောင့် ရိပေါ် ထိုနေရာမှာပဲ ရပ်ကျန်နေခဲ့ရသည်။
'ကောကို စိတ်ဆိုးပြေဖို့ ဘယ်လိုလုပ်ရမလဲ။ သားသားကလည်း တစ်ချက်တောင် အဖက်လုပ်မသွားဘူး။ သူပဲ စားချင်တယ်ဆိုလို့ လိုက်ပို့ရသေးတယ်။ ကောင်စုတ်လေး'