" Jay J. Park posted a new photo. "
ဆတ်ခနဲ တုန်ခါသွားတာဟာ လက်ထဲက ဖုန်းလေးမဟုတ်ဘဲ ပတ်ဆောင်းဟွန်းရဲ့ ဝဲဘက် ရင်အုံထဲက နှလုံးသားလေး ဖြစ်မယ် ထင်ပါတယ်။ မမြင်ရတာ ကြာတဲ့ နာမည်တစ်ခု၊ နှလုံးသားရဲ့ နံရံပေါ်မှာ တက်တူးလို တည်ရှိနေတဲ့ နာမည်တစ်ခုက .. သုံးနှစ်အကြာမှာ သူ့မျက်စိရှေ့ ပြန်ပေါ်လာခဲ့တယ်။ ဘာသဲလွန်စလေးမှ မပေးဘဲနဲ့ ... ကြိုတင်အကြောင်းကြားခြင်းလေးတောင် မရှိပါဘဲနဲ့လေ။
ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံကိုကြည့်ရင်း ဆောင်းဟွန်း မျက်ဝန်းတွေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ စိုစွတ်လာတယ်။ ရင်ဘတ်ထဲမှာ ပရွက်ဆိတ်လေးတွေ ကိုက်နေတာများလား။ တဆစ်ဆစ်နဲ့ နာကျင် ကိုက်ခဲနေလိုက်တာများ အသက်ရှုဖို့တောင် ခက်တယ်။
မျက်စိရှေ့က ဖုန်းမျက်နှာပြင်ပေါ် မှာ မြင်နေရတာက သူတို့တက်ခဲ့ဖူးတဲ့ ကျောင်း campus။ စီစီရီရီ စိုက်ထားတဲ့ ပန်းပင်လေးတွေ။ သစ်ပင်အုပ်အုပ်တွေ။ သံချေးတက်နေတဲ့ ဝရန်တာ လက်ရန်းတွေ။ ရွက်ဝါတွေ ပြည့်နေတဲ့ လမ်းကျဉ်းလေးတွေ။ သူ့တို့ခြေရာတွေ နဲ့ ထပ်ခဲ့တာပဲ။ ဒီလမ်းတွေပေါ် လက်တွဲလို့ လျောက်ခဲ့ဖူးတာ အခါခါပေါ့။ ဒီအပင်တွေ အောက်မှာ စိတ်လွယ်ကိုယ်လွယ်ရယ်မောခဲ့ဖူးတာ မနေ့တစ်နေ့ကလိုပဲ။ မှတ်ဉာဏ်တွေက လတ်ဆတ်တုန်း။ ဒီနာမည်ကို မြင်ရုံနဲ့ နှလုံးသားလေးက တဒိတ်ဒိတ် ခုန်နေတုန်း။ ဘယ်တုန်းကမှ မေ့ပစ်လိုက်ဖို့ မစဉ်းစားဖူးတာမို့ ဘယ်လို မေ့ပစ်ရမလဲဆိုတာကိုလည်း ဆောင်းဟွန်း တကယ် မသိတော့ပါဘူး။
🌊
ပတ်ဂျုံဆောင်း ။
ပတ်ဂျုံဆောင်းက ဆိုးလိုက်တာ။ သိပ်ကိုဆိုးတာပဲ။" မင်းမို့လို့ ဆိုးတာပါနော် " ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် သူ့အပေါ် အမြဲ အနိုင်ယူတယ်။ မဟုတ်တာ လုပ်ထားပြီးရင် မျက်လုံးလေးတွေ ပိတ်သွားအောင်ရယ်ရင်း သူ့ရင်ခွင်ထဲ ကြောင်လေးလို လာတိုးဝှေ့ပြီး ဂျီနေတတ်တယ်။ သူ့မျက်နှာလေး ငယ်သွားတိုင်း ပတ်ဆောင်းဟွန်းရင်တွေ အစိတ်စိတ် အမွှာမွှာ ကွဲရတာကို သိလျက်သားနဲ့ အမြဲ စိတ်ပူရအောင်လုပ်တယ်။ ပြက္ခဒိန် စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ဆုတ်ဖြဲလို့ သုံးနှစ်ဆိုတဲ့ အချိန်ကာလ တစ်ခု ကုန်သွားသည့်တိုင် သူ့နှလုံးသားမှာ ပတ်ဂျုံဆောင်းဆိုတဲ့ ကောင်လေးက နေရာလပ်မရှိအောင်ကို စိုးမိုးထားဆဲပါပဲ။
YOU ARE READING
Written in the stars | SungJeng
FanfictionHe's an analgesic as well as a heartache. [ Written in Burmese ]