အချစ်ဝင်လျက် အပြစ်မမြင် (၃)
:ချစ်သည်ထက်ပို၍ချစ်သည် မြတ်နိုးသည်ထက်ပို၍မြတ်နိုးသည်
မုန်းသည်ထက်ပို၍မုန်းသည်:သာယာနေသော လောကကြီးအတွက် ပျိုးကျေးဇူးတင်မိပါသည်။
ဝရန်တာတွင် လေညှင်းထွက်ခံနေသော ပျိုးအား အနောက်မှ သိုင်းဖက်ကာ ပျိုးရဲ့ ဆံပင်လေးအား နမ်းရှိုက်လိုက်ပြီး
"ပျိုး မောင်ဒီလိုနေရတာလေးပဲ သဘောကျတယ် "
ပျိုးက အသံမထွက်လာ။ ပျိုးကိုယ်လေးကို ဆွဲလှည့်လိုက်ပြီး နှဖူးလေးနမ်းကာ
"ပျိုး ဘာတွေတွေးနေတာလဲ "
"ဟင်း တွေးနေတာမဟုတ်ပါဘူး စဉ်းစားနေတာပါ "
"ဟာ ဘာတွေစဉ်းစားနေတာလဲ မောင့်မဟေသီလေးက"
ပျိုးက ပါးချိုင့်လေးနှစ်ခုပေါ်အောင် ပြုံးကာ
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး မောင့်ဘေးမှာ ဝိုင်ဆိုတဲ့ မိန်းမလှလေးရှိနေတာတောင် ပျိုးလို ကောင်မလေးကို ဘာကြောင့် လက်ထပ်ခဲ့လဲဆိုတာ"
"အဟက် ဒါကတော့ မောင့်မျက်စိထဲမှာ ပျိုးက အလှဆုံးပဲမို့လို့လေ"
ဟုတ်ပါသည် ဝိုင်ဆိုသည့် မောင့်သူငယ်ချင်းက အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် သိပ်လှလွန်းလှတာ ပျိုးနှင့်တော့ မတူ။
"ပြီးတော့ ရှိသေးတယ် "
"ဘာလဲ ပြောလေ"
ပျိုးက မျက်လွှာလေးချကာ
"မောင်က စိတ်မမှန်သလိုပဲ အခုစိတ်တိုချင်တိုနေတာ
ကောင်းချင်ရင်ကောင်းနေတာ"
"အဲ့တာက ဆေး "
ထွက်ခါနီး စကားအားအမြန်ပိတ်လိုက်ရ၏။ ညို့ဆေးသုံးနေမြန်းသာ ပျိုးသိရင် ခွင့်မလွှတ်နိုင်ဘူးဆိုတာကို ညို့မှိုင်းမောင် သိသည်။
"ဘာဆေးလဲ မောင်"
ညို့မှိုင်း ဟန်လုပ်ရယ်ရင်း
"ပျိုးက မောင့်ကို စိတ်မမှန်ဘူးထင်တယ်ဆိုတော့ ဆေးခန်းတွေ ဘာတွေများသွားရမလားလို့"
ပျိုးက မျက်စောင်းလေးထိုးကာ ညို့မှိုင်းပုခုံးအား ဖွဖွလေးထုလိုက်ပြီး
"မောင်နော် ဘာတွေ ပြောနေတာလဲ"
"မနက်ဖြန် မေမေက မနက်စာ လာစားလာပါတဲ့ ပျိုးကော မောင်ကော"
"နေ့လည်ပိုင်းဖြူနှင်းတို့နဲ့ ချိန်းထားတာရှိတယ် "
"အင်း မေမေ့အိမ်ကပြန်ရင် မောင်ပို့ပေးမယ်နော် "
"အင်း"
ပါးချိုင့်လေး နှစ်ဖက်နှင့် အသဲပုံ နှုတ်ခမ်းလေးက အူယားစရာပင်။
ညို့မှိုင်းမောင်တစ်ယောက်တော့ မနက်ဖြန်အတွက် စိတ်ပူနေမိသည်။ မေမေ့ဆီသွားလို့ ဆေးသုံးသွားရင် မေမေရိပ်မိမှာလဲ စိုးသည်။ဆေးမသုံးသွားရင်လည်း ပျိုးကို သူကိုယ်တိုင် ရန်ရှာမိလိမ့်မည်။
"ဟူးခက်တယ် ပျိုးရယ် ပျိုးကို ချစ်ရတာခက်သလို မုန်းဖို့လဲ ခက်တယ် "
