နေရောင်ဟာ မျက်နှာတည့်တည့်စူးခနဲဖြာကျလာတာမို့ မျက်နှာကို လက်နဲ့အုပ်ရင်း အိပ်ရာထဲက လူးလဲထမိတယ်။ ဘာကြောင့်များ မှန်ပြတင်းပေါက်ကျယ်ရှိတဲ့နေရာကိုမှ အိပ်ရာအဖြစ် ရွေးချယ်ဖြစ်ခဲ့ပါလိမ့့်။ကြမ်းပြင်ပေါ်ခြေချလိုက်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတော့ အလင်းဝင်ကာစ အိမ်ကလေးဟာ တိတ်ဆိတ်နေဆဲ။ ရေမြှုပ်ဆိုဖာအစိမ်းရောင် အိအိလေးဟာ ဖုန်အလိမ်းလိမ်းကြားမှာ ငြိမ်သက်လျက်။ ၁၉ဝဝနှစ်တွေအလွန်က ခေတ်ဟောင်း ဆယ်လက်မ တီဗွီလေးဟာလည်း နံရံကပ်ဗီရိုလေးမှာ နေသားတကျ။ သစ်သားစားပွဲပေါ်ခင်းထားတဲ့ စားပွဲခင်းအနီကွက်ကလေးဟာ ပြတင်းပေါက်ကနေ လေတစ်ချက်တိုက်တော့ ဖျတ်ခနဲတစ်ချက်လူးလွန့်သွားလေတယ်။ မျက်နှာကြတ်ကနေတွဲလောင်းကျနေတဲ့ ပန်ကာအိုကြီးကိုတောင် မဖြုတ်ဖြစ်ခဲ့။ အရာအားလုံးဟာ လွန်ခဲ့တဲ့နှစ်တွေကအတိုင်း မပြောင်းမလဲ။
စားပွဲပေါ်မှာတော့ မနေ့ညကသောက်လက်စ ကော်ဖီခွက်လေးက ငြိမ်သက်အေးခဲလို့။ အဲ့ခွက်လေးကို အိမ်နောက်ဖေးသွားရင်း တစ်ခါတည်း သယ်သွားလိုက်ပြီးမှ ဘေစင်ထဲ မထည့်ခင် အမှတ်တမဲ့ ငုံ့ကြည့်လိုက်မိတော့ ဗန်ဂိုးရဲ့ ကြယ်တွေစုံသောညပန်းချီကားလေး။ စိတ်ထဲက ဆစ်ခနဲဖြစ်သွားတာနဲ့အတူ ခွက်ကို ဘေစင်ထဲ လက်လွတ်စပယ်ပစ်ချလိုက်မိတယ်။ ဘေစင်နဲ့ခွက်ကလေး အရှိန်ပြင်းစွာထိခတ်သွားတဲ့ အသံကို မကြားချင်ယောင်ဆောင်မိပေမဲ့လည်း ကွဲသွားသေးလားလို့ တယုတယပြန်ကောက်ကြည့်မိတာကလည်း မနက်တိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ သံသရာတစ်ခုပဲပေါ့။
မျက်နှာသစ်ဘေစင်ရှေ့နေရာယူမိချိန်မှာတော့ အသက်၃ဝကျော် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရဲ့မျက်နှာဟာ မှန်သားပြင်ပေါ် ဝေဝေ၀ါးဝါးပေါ်လာတယ်။ ထင်းနေတဲ့မျက်ခုံးတွေနဲ့ မလိုက်ဖက်စွာ အရောင်ဖျော့တော့နေတဲ့ မျက်ဝန်းတွေ။ မျက်နှာရဲ့ တစ်ဖက်တစ်ချက်မှာ ဖရိုဖရဲ ပြေလျော့ကျဆင်းနေတဲ့ ဆံပင်ရှည်တွေ။ ရေငွေ့ရိုက်နေတဲ့ မှန်ထဲပေါ်လာတဲ့ မျက်နှာဟာ ငါမှဟုတ်ရဲ့လားဆိုပြီး တွေးမိတဲ့ မနက်ခင်းပေါင်းလည်း မရေတွက်နိုင်တော့တာကြာပြီ။ ကျိုးတိုးကျဲတဲ မုတ်ဆိတ်တွေကို အသာပွတ်သပ်လိုက်မိရင်း မုတ်ဆိတ်ရိတ်တံကို လှမ်းယူလိုက်ပေမဲ့ မုတ်ဆိတ်ရိတ်ဆေးကရှိမနေ။ အင်း...။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်တောင် အမှုမဲ့အမှတ်မဲ့နေခဲ့မိတာ အတော်ကြာခဲ့ပြီပဲ။
YOU ARE READING
ဝေး - ေ၀း
Short Story"ဒီလိုနဲ့ပဲ ဝေးနဲ့ ကျွန်တော်ဟာ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာသွားခဲ့ပြန်ပါတယ်။"(Unicode) "ဒီလိုနဲ့ပဲ ဝေးနဲ့ ကျွန်တော်ဟာ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာသွားခဲ့ပြန်ပါတယ်။"(Zawgyi)