Chapter 1

10 2 0
                                    

{ဒိုင်ယာရီစာအုပ်လေးတစ်အုပ်}

အေးငြိမ်းဝေတစ်ယောက် နွေရာသီကျောင်းပိတ်ရက်တွင် အိမ်မှာမနေလိုသောကြောင့် ဦးလေးအိမ်တွင် တစ်လနေမည်ဖြစ်သည်။ လာနေလိုသည်ဟု ဦးလေးကို အကြောင်းကြားသော် လာရောက်ရန်ခွင့်ပြုသဖြင့် ယခုထိုအိမ်သို့ ရောက်နေခြင်းပင်။ သူဒီအိမ်တွင်နေရသည်ကို အလွန်နှစ်သက်ပါ၏။ အကြောင်းမှာ အိမ်သည်မြို့၏ဆင်ခြေဖုံးတွင်ရှိကာ ခြံဝန်းကျယ်ကျယ်တွင် အပင်မျိုးစုံ စိုက်ပျိုးထားသောကြောင့်ဖြစ်၏။

အိမ်သို့ရောက်သောအခါတွင် ဦးလေးဖြစ်သောဦးမိုးတင်က ထွက်ကာကြိုဆိုသည်။

"အေးငြိမ်း ရောက်လာပြီပဲ ဦးငယ်ကသမီးကိုမျှော်နေတာ"

"ကားလမ်းပိတ်နေတာနဲ့ နောက်ကျသွားတာပါ ဦးငယ်"

"ကားလမ်းပိတ်တာကတော့ မပြောချင်တော့ပါဘူးကွာ သမီးနေမယ့်အခန်းကို ဦးငယ်လိုက်ပြပေးမယ်"

"ဟုတ်"

ဦးငယ်မှာ တစ်ကိုယ်တည်းသမားလူပျိုကြီးဖြစ်ကာ အိမ်တွင်လည်းတစ်ယောက်တည်းသာ နေသည်။ အိမ်ဖော်ပင်မထားပါချေ။ အိမ်ဝေယျာဝစ္စများကိုလည်း ကိုယ်တိုင်သာလုပ်ကာ ဥယျာဉ်ကိုလည်း သူကိုယ်တိုင်ပျိုးလေ၏။ သူ့ကုမ္ပဏီအား သူ့ခဲအိုဖြစ်သောအေးငြိမ်းအဖေကို လွှဲထားကာ သူသည်မှ ာတစ်ခါတစ်လေမှ ကုမ္ပဏီသို့ ရောက်လာပေသည်။ အဘယ်ကြောင့် ဤသို့နေနေပါသနည်းကို အမေကမေးသောအခါတွင်လည်း ဘာမှရေရေရာရာမဖြေ။

ဦးငယ်လုပ်ပေးထားသော အခန်းလေးမှာ သပ်ရပ်ကာနေချင်စဖွယ်။ သူနွေကျောင်းပိတ်ရက်တွင် လာနဖြစ်သည့်အခါတိုင်း ဦးငယ်က ဒီအခန်းလေးအား သေချာပြင်ဆင်ပေးတတ်သည်။ တစ်နှစ်နှင့်တစ်နှစ် အခန်းအပြင်အဆင်မှာလည်း မတူညီတတ်ပါ။ ထို့ကြောင့် အိမ်ရောက်သောအခါတွင် အခန်းအပြင်အဆင်အားရင်ခုန်စွာ မျှော်နေမိသည်။

ဒီနှစ်အတွက် အခန်းပုံစံလေးမှာ နံရံကို ခရမ်းနုနုဆေးသုတ်ပေးထားကာ ကုတင်တွင် ဝက်ဝံရုပ်ကြီးတစ်ရုပ်ချထားသည်။ စာအုပ်စင်အသေးစားကိုပါ လုပ်ပေးထားပြီး ထိုစာအုပ်စင်တွင် စာအုပ်များအပြည့် အစီအရီနေရာယူထားသည်။ ကျွန်းဗီရိုတစ်လုံးမှာ စာအုပ်စင်နားတွင် ဟီးဟီးကြီးရှိနေ၏။ နံရံတွင်လည်း ရေတံခွန်ပုံတောတောင်ရှုခင်းပန်းချီ ချိတ်ဆွဲထားကာ သူ့အတွက်လည်း ပန်းချီပစ္စည်းများကို အခန်းထောင့်တစ်နေရာတွင် ချထားပေး၏။ အခန်းကို မှင်သက်စွာကြည့်နေရင်းနှင့်ပင် ဦးငယ်က

"သမီး အခုတစ်လော ပန်းချီဆွဲနေတယ် ကြားလို့ ပန်းချီလေးတွေထည့်ထားပေးတာ သမီး ပုံဆွဲလေ့ကျင့်ချင်လေ့ကျင့်လို့ရအောင်ဆိုပြီး ပစ္စည်းလေးတွေဝယ်ပေးထားတယ်"

"ဦးငယ်က ချစ်ဖို့ကောင်းချက်" ဟုဆိုကာ ဦးငယ်ကို ဖက်ထားလိုက်၏။

ဦးမိုးတင်က တူမလေး၏ခေါင်းကို အသာပုတ်ပေးလိုက်ကာ

"သမီး အခုခရီးပန်းလာတာဆိုတော့ ခဏနားလိုက်ဦး ပစ္စည်းတွေကိုတော့ ညနေကျမှသိမ်းပေါ့"

"ဟုတ်ကဲ့"

"တစ်ခုခုလိုတာရှိရင် ဦးငယ်ကိုခေါ်လိုက် ဦးငယ်ပန်းခြံမှာရှိမယ် ခဏနားလိုက်ဦးနော်"

အေးငြိမ်းဝေလည်း ခေါင်းညိတ်လိုက်ကာ ဦးငယ်လည်း ပန်းခြံသို့ ထွက်သွားလေ၏။ အေးငြိမ်း ကုတင်ပေါ်သို့ပစ်လှဲလိုက်ကာ မှေးလိုက်ရင်းပင် အိပ်ပျော်သွားလေ၏။ အိပ်ရာမှနိုးနိုးချင်းပင် ပစ္စည်းများကို သေချာသိမ်းလိုက်ကာ စာဖတ်ရန် စာအုပ်စင်ကို မွှေကြည့်သော် စာအုပ်စင်၏ချောင်တစ်နေရာတွင် အညိုရောင်အဖုံးနှင့်စာအုပ်ပါးပါးတစ်အုပ်။ သူ့ကို ဆွဲဆောင်နေသောကြောင့် စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ "သူလေးရဲ့အပြုံး" ဟု လက်ရေးလှနှင့်ရေးထားသောစာလုံးကြီးကြီးကို တွေ့လိုက်ရပေသည်။

Her Smile (Unicode Version)Where stories live. Discover now