Chapter-1(Unicode)

207 19 7
                                    

ဂျူလိုင်လ၏ ညနေခင်းဆည်းဆာချိန်တွင် ခရမ်းရောင် အခိုးအငွေ့ သဏ္ဍာန်ရှိသော တိမ်တိုက်များက ဝင်ကာစ နေမင်ကြီးအား တစ်ဝက်တစ်ပျက် ဖုံးအုပ်ထားလေသည်။ စာသင်ခန်းအိုလေးအတွင်းမှ တကျွိကျွိမြည်နေသော ပန်ကာလေးကတော့ ပြင်းထန်လှသော နွေအပူဒဏ်အား တွန်းလှန်နိုင်ခြင်းမရှိချေ။

ဤကာလမှာ တစ်နိုင်ငံလုံးဆိုင်ရာ စာမေးပွဲကြီးပြီးနောက် သုံးရက်မျှတောင် ကုန်လွန်သွားပြီးဖြစ်သည်။ ချင်းရွှေ အ.ထ.က(၁)၏ အတော်ဆုံးများစုဝေးရာ ဟော်ကျန့်အတန်းတွင်းမှ ကျောင်းသားတော်တော်များများကတော့ အစောပိုင်းတည်းကပင် အတွေးများကို နွေရာသီ အားလပ်ရက်များဆီသို့ လွှင့်မျောလိုက်ပြီးဖြစ်သော်လည်း အတန်းရှေ့ စတိတ်စင်မြင့်ပေါ်မှ ဆရာက သူတို့အား မျက်ခြေမပြတ် စူးစိုက်ကြည့်နေသောကြောင့် သူတို့အားလုံး စိတ်မပါလက်မပါဖြင့်ပင် တိုက်ရိုက်ထုတ်လွှင့်မှုကိုပြသနေသော စင်မြင့်ပေါ်ရှိဖန်သားပြင်ပေါ်သို့သာ အကြည့်များကို ပို့လွှတ်ထားရတော့၏။

ဖန်သားပြင်ပေါ်၌ ရှိသည်မှာ ကီလိုမီတာပေါင်းထောင်ပေါင်းများစွာဝေးကွာသည့် စာသင်ခန်းတစ်ခုပင်ဖြစ်သည်။ ဝမ်ဟွာ အ.ထ.က (၁)မှ သင်္ချာဆရာသည် ပုစ္ဆာများအား အားသွန်ခွန်စိုက် ရှင်းလင်းနေပြီး သူ့နောက်ရှိ ကျောက်သင်ပုန်းကြီးပေါ်၌ ဖော်မြူလာပေါင်းများစွာဖြင့် ပြည့်နှက်နေပြီဖြစ်၏။ ဆရာက တော်တော်လေးကို လျင်မြန်စွာ ရှင်းပြနေရုံသာမက ထိုသို့ရှင်းပြစဉ်အချိန်အတွင်း ထိုစာသင်ခန်းအတွင်းရှိကျောင်းသားများကလည်း အလွယ်ကူဆုံးပုစ္ဆာများကို မြင်နေရသည့်အလား တစ်ယောက်မှ မေးခွန်းထမမေးလာချေ။

သို့သော်ငြား ချင်းရွှေ အ.ထ.က (၁)မှ ကျောင်းသားများအတွက်မူ မေးခွန်းများမှာ ခက်ခဲမှု အဆင့် S-Levelအထိပင်ရှိသော ပုစ္ဆာများဖြစ်တော့သည်။ ထို ခက်ခဲလှသော ပုစ္ဆာများကို ဝမ်ဟွာ အ.ထ.က (၁) အထက်တန်းကျောင်းမှ ဉာဏ်ကြီးရှင် ကျောင်းသားများက သူတို့၏ ကိုယ်ပိုင်အရည်အသွေးများတိုးတက်စေရန် လေ့ကျင့်ကြပုံပေါ်၏။ သို့ပေငြား သူတို့လို နွမ်းပါးသော နယ်မြို့များရှိ ကျောင်းသားများအတွက် ထိုပုစ္ဆာများမှာ ဘောင်ပြင်ပတွင်ရှိနေသောကြောင့် သူတို့အားလုံး အလေးအနက်ထား နားထောင်ကြခြင်းမရှိကြချေ။

ကိုယ့်ဆီလှမ်းလို့လာ လမင်းသော်တာ ||•မြန်မာဘာသာပြန်•||Where stories live. Discover now