ညစာစားဖို့ရန် ပင်မအိမ်ကြီး၏ ထမင်းစားခန်းထဲသို့ ရှိုင်းထက်ကိုပို့ပေးခဲ့ပြီးနောက် မင်းဆက်နှင့်နှင်းဆက်ကို ထမင်းစားခေါ်ရန် ဇေယျာထွက်သွားလေသည်။
ခဏအကြာ ကိုဇေယျာပြန်ရောက်လာပြီး နှစ်ယောက်လုံးမစားဘူး ဟုပြောတော့ ဟင်းပွဲများကို ပြင်ဆင်နေသည့် ထမင်းချက်အဒေါ်ကြီးက စိတ်မကောင်းဖြစ်သွားပြီး သူ့ကိုကြည့်လာလေသည်။ သူလည်းအားနာသဖြင့် နည်းနည်းဝင်အောင်စားလိုက်ရသည်။ သူဒီအိမ်ကိုစရောက်ကတည်းက ထမင်းစားဝိုင်းထဲမှာ အကို့ကိုရော နှင်းဆက်ကိုပါ မတွေ့ဖူးချေ။
ကိုဇေယျာက သူ့ကိုအခန်းပြန်ပို့ပေးရန် သူထမင်းစားနေသည်ကို စောင့်ပေးရှာပါသည်။ ဒီလိုတွေဂရုစိုက်ပေးနေသော်လည်း သူ့ကိုသတ်ဖို့လုပ်ခဲ့သည်ကိုတော့ မယုံဘဲမနေရဲပါ။ သူ့ကြောင့်နဲ့ ကိုဇေယျာချစ်တဲ့ အကိုရော နှင်းဆက်ရောက နာကျင်နေရတာမဟုတ်လား။ ကိုဇေယျာ သူ့ကိုသတ်ဖို့လုပ်တာဟာ ပြစ်မှုမြောက်ရင်တောင် အပြစ်မဟုတ်ပေ။
"ကျွန်တော့်ကို အကိုနဲ့တွေ့ခွင့်ရအောင် ကူညီပေးပါလား ကိုဇေယျာ"
ပင်မအိမ်ကြီးမှထွက်ကာ သူနေသည့်အဆောင်ဆီ လိုက်ပို့နေသည့် ကိုဇေယျာ့ကို သူတောင်းဆိုလိုက်သော်လည်း ကိုဇေယျာက သူ့တောင်းဆိုမှုကို မသိကျိုးကျွန်ပြုကာ သွားစရာရှိသည့် လမ်းကိုသာ ဆက်သွားနေလေသည်။
"ကျွန်တော့်အပြစ်မဟုတ်ဘူးလေ ဒါတောင်နည်းနည်းလေးမှအားမနာဘူးလား"
ဝှီးချဲ၏ ဘီးနှစ်ဘီးက လည်ပတ်ခြင်းရပ်တန့်သွားသည်။ ကိုဇေယျာ့စိတ်ထဲ ဖြစ်ပေါ်နေသည့် စိုးရိမ်မှုကို သူနားလည်ပါသည်။ အကိုနဲ့သူတွေ့ရင် ကိစ္စတွေရှုပ်ထွေးပြီး တစ်ယောက်ယောက်ပိုနာကျင်သွားမှာကို မလိုလားခြင်းဖြစ်သည်။ သူနားလည်သည်။ ဒါပေမယ့် သူ့စိတ်ကိုတော့ ဘယ်သူမှ နားမလည်ပေးပေ။
"ငါက အားနာရမှာလား"
ပါးစပ်ကသာ ထိုမေးခွန်းကို ထုတ်ပြောလိုက်သော်လည်း တကယ့်တကယ် ဇေယျာ ရှိုင်းထက်ကို အားနာသလို သနားလည်းသနားသည်။ သူ့ကြောင့် ရှိုင်းထက်ဆိုသည့်ကောင်လေးက ဆေးရုံပေါ်မှာ ရက်အတော်ကြာတဲ့အထိ သတိလစ်မေ့မျောနေခဲ့သည်တဲ့။ အကိုလေးစီစဉ်ထားသော အစီအစဉ်အရ သူ့ကိုမမလေးနှင်းဆက်နှင့်အတူ တွဲမြင်ဖူးသဖြင့် အကိုလေးသွားလေရာတိုင်း အရင်လိုလိုက်ခွင့်မရှိခဲ့သော်လည်း အကိုလေးအိမ်ပြန်ရောက်လာချိန်တွင်တော့ သူ့ရဲ့အားနာတဲ့စိတ်ကြောင့် ရှိုင်းထက်၏အခြေအနေကို မေးမြန်းဖြစ်ခဲ့သည်။
YOU ARE READING
ချစ်သည်
Short Story'ချစ်သည်' ... နှစ်လုံးထက်မပိုသော စကားလေးက ဘဝကြီးတစ်ခုလုံးကို ဖန်ဆင်းပေးနိုင်သလို ဖျက်လည်းဖျက်ဆီးပစ်နိုင်ရာ၏။ ရှင်သန်စေနိုင်သလို သေလည်းသေဆုံးစေနိုင်ရာ၏။ နူးညံ့သော စိတ်နှလုံးသားကို ဖြစ်တည်စေနိုင်သလို ကြမ်းကြုတ်ရက်စက်သော စိတ်အစုံကိုလည်း အသက်ဝင်စေနိုင်ရ...