"ဟေ့ ဟိုကလေး ရှေ့ကဖယ်!"
လူ၀င်လူထွက်များနေသည့် ဧည့်ခံကောင်တာကိုသာ မျက်လုံးဝိုင်းစက်စက်လေးတွေဖြင့် ဟိုသည်ငေးမောကြည့်နေရင်းမှ နောက်ဖျားနားဆီကနေ ထွက်လာပါသည့် အလောတကြီး အသံတွေကြောင့် မျက်နှာငယ်လေးဖြင့် လှည့်ကြည့်ဖြစ်ကာ ကိုယ်လေးကို နောက်သို့ဆုတ်ပေးလိုက်၏။
ကာကီရောင်ဘောင်းဘီတိုလေးကို အဝါနုရောင်ဖျော့ဖျော့သန်းပါသည့် စပို့ရှပ်လက်တိုလေးနှင့် လွယ်အိတ်နီနီလေးကလည်း ကျောပြင်သေးသေးလေးထက်မှာ နေသားတကျ။
ပါးပြင်လေးတွေက ဖောင်းဖောင်းလေးတွေဖြစ်သလို ခြောက်နှစ်ကလေး၏ အသားအရည်ပါလို့ ထုတ်ပြောစရာမလိုလောက်အောင်ပင် နူးညံ့ဖြူဖွေးနေလျက်။
မြင်သူတွေ့သူတိုင်း ချစ်ပါစေရဲ့လို့ ဆုတောင်းကောင်းခဲ့သည်ပဲလားမသိချေ။
လွယ်အိတ်ကြိုးစလေးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ မျက်နှာငယ်လေးဖြင့် ရှိနေပါသည့် စော်အော်လေးကိုမြင်လျှင်
အစောလေးတင်ကနေ အော်ထုတ်ပစ်ခဲ့သည့် ဦးလေးက မှန်ချပ်ကြီးကိုင်၍ သမင်လည်ပြန်ပြန်ငေးလာသည်။"အဲ့မှာ ဘာရပ်လုပ်နေတာလဲ ကလေး၊ဘယ်သူ့ကို တွေ့ချင်လို့လဲ"
ဒီအဆောက်အဦးထဲသို့ စရောက်လာစဉ်ကတည်းက မည်သူမျှ အဖတ်လုပ်မမေးမြန်းကျသည့် အနေအထားကနေ ဤသို့ ချိုသာ ယဥ်ကျေးစွာ ထွက်လာသည့် အမေးစကားတစ်ခွန်းကြောင့် မျက်နှာလုံးလုံးလေးက ဖျတ်ခနဲပြုံးသွားရ၏။
"သား ပါးပါး..၊အဲ့..မဟုတ်ဘူး Chairman ဦးဦးရှောင်းကျန့်ကိုတွေ့ချင်လို့ပါ"
"ဟေ၊သားရဲ့ အုပ်ထိန်းသူကော"
"ဟို.."
နှုတ်ခမ်းတွေစုချွန်လာရုံမှ လွဲ၍ တစ်ပါးသောစကားတွေ ထပ်မထွက်လာဖြစ်လျှင်
စော်အော်၏ တစ်ကိုယ်လုံးကို ခြုံငုံအကဲခတ်ကြည့်ဖြင့် စုန်ချည်ဆန်ချည်ကြည့်သည်။၀တ်ထားသည့် အင်္ကျီbrandတွေ။ကလေး၀တ်ဖိနပ်ဆိုလျှင်တောင် တန်ဖိုးကြီးမှန်းသိသာလောက်သည့် ပုံစံမျိုးတွေနှင့် ဖွေးဖွေးသန့်သန့်ကလေးတစ်ယောက်။
