ဘုန်းမြင့်သဇင်
"Happy Birthday to you...Happy Birthday to you...Happy Birthday Dear Thazin.....Happy Birthday to you..."
ကလေးတစ်သိုက်၏ နိမ့်သွားလိုက် မြင့်သွားလိုက် ဝါးချလိုက်ဖြင့် သီဆိုနေကြသော မွေးနေ့သီချင်းသံက ခြံဝင်းတစ်ခုထဲမှနေ ဘေးနားပတ်လည်ဝန်းကျင်အနှံ့သို့ အတိုင်အဖောက်မညီစွာ ပျံ့လွင့်နေသည်။ကလေးကိုယ်စီ လက်ဆောင်ထုပ်ကိုယ်စီဆွဲကာ ဝင်သွားကြသည့်ခြံဝင်းထဲမှာတော့ အရိပ်ကောင်းကောင်း သရက်ပင်ကြီး၏အောက် ရောင်စုံစက္ကူကြိုးတို့ဖြင့် ချည်နှောင်အုပ်မိုးထားသော ပူဖောင်းများအလယ်၌ ကိတ်ခွဲဖို့အတွက်ကို သီချင်းဆိုနေကြပြီဖြစ်သည့် ကလေးအုပ်စုအားတွေ့ရလေသည်။
တစ်ယောက်တစ်ပေါက်နှင့် သီချင်းသံဆုံးသွားလျှင် လက်ခုပ်သံတွေကြားမှာ သဇင်က ကိတ်မုန့်ပေါ်မှာရှိနေသည့် ဖယောင်းတိုင်ဆယ်ချောင်းလုံးကို ဟူးကနဲ့နေအောင် အားရပါးရမှုတ်ပစ်လိုက်သည်။ထို့နောက်မှာတော့ အတင်းတိုးကပ်လာကြသည့်ကလေးတွေကြောင့် အမေက ဖယောင်းတိုင်တွေကို အလျင်အမြန်ဆွဲနှုတ်ကာ လောက်ငအောင် အညီအမျှခွဲဝေပေးဖို့လုပ်ရင်း
"ဟယ် ဖိုးလပြည့်ကြီးက ဇွတ်မတိုးနဲ့လေ...။ကျွေးမှာပေါ့ နေကြပါဦး..."
"သမီးက ပန်းပွင့်လေးကိုစားမှာ..."
"သမီးရောပဲ..."
"ပန်းပွင့်က တစ်ယောက် တစ်ပွင့်တော့မရဘူးနော် လုံးပိုနဲ့လုံးရှန်...။အကုန်စားလို့ရအောင် အညီအမျှခွဲပေးရမှာ...။ညီမနှစ်ယောက် တစ်ပွင့်ကို တစ်ဝက်စီခွဲစားလိုက်ကြ..."
"နေကြဦး...မွေးနေ့ရှင်ကို ဓာတ်ပုံအရင်ရိုက်ပေးလိုက်ကြဦးလေ...။သမီး ဖေဖေနဲ့မေမေကို ခွံ့ကျွေးလိုက်"
ဒီပတ်ဝန်းကျင် ဒီရပ်ကွက်မှာက သဇင့်လိုမျိုး နှစ်တိုင်းမွေးနေ့လုပ်နိုင်သောကလေးဆိုတာ ခပ်ရှားရှား...။ထို့ကြောင့် မွေးနေ့ကိတ်ဆိုသည်မှာလည်း အမြဲတမ်းစားနေရတာမျိုးမဟုတ်။ဒီလိုလေးကြုံကြိုက်မှသာ ခရင်မ်တွေအများကြီးနှင့် နူးညံ့ပျော့အိနေသောကိတ်မုန့်မျိုးကို ကလေးတွေမှာ စားခွင့်ရကြခြင်းသာ။ထိုသို့သောအနေအထားမျိုးမှာ မွေးနေ့ကိတ်ခွဲပြီးချိန်တွင် ဒီလိုကြွက်ကြွက်ညံနေရခြင်းက ထူးဆန်းမနေတော့။

YOU ARE READING
ကိုယ်တိုင်ပျိုး၍ ပန်ခဲ့ကြသည်
General Fictionကိုယ်တိုင်ပျိုးပြီး ပန်ခဲ့ကြသည့်ပန်းလေးတွေဟာ ဘယ်လိုပုံစံ ဘယ်လိုရနံ့သက်မျိုးဖြင့်များ ဖူးပွင့်လာခဲ့ကြမလဲ...။