သီရိမေ
"နင် ဘောင်းဘီရှည်ကြီး အမြဲဝတ်ထားတာ မပူဘူးလား..."
သီရီက ကျောင်းစိမ်းစကတ်အောက်ကနေ တစ်ထပ်ခံဝတ်ထားသည့်ဘောင်းဘီရှည်ကို မလုံမလဲနှင့်တစ်ချက်ကြည့်လိုက်ရင်း
"ပူပါဘူး.....နင်ကလဲ။ဒီလိုခံဝတ်ထားမှ နေပူသက်သာတာဟ"
ပြောနေရင်း ခုံအောက်ချထားသည့်ခြေထောက်တွေကို မမြင်ရအောင် အနောက်ဘက်သို့ ခပ်ယို့ယို့လေးပို့ထားလိုက်သည်။
တော်သေးလို့ သူငယ်ချင်းမက တခြားဘက်ကိုအာရုံပြောင်းသွားကာ ရှေ့တန်းကလူတွေနှင့်စကားပြောနေလျှင် သီရိမှာ ခုမှပဲ သက်ပြင်းလေးကိုအသာခိုးချလိုက်ရသည်။
ဒီကျောင်းကို ဒီနှစ်မှပြောင်းလာရတာမို့ အပေါင်းအသင်းမရှိမှာ အခင်အမင်မလုပ်ကြမှာကို သီရိသိပ်ကြောက်နေရသည်။ထို့ကြောင့်လည်း ကိုယ့်ရဲ့အားနည်းချက်ကို သူများမမြင်အောင် ဖုံးကာဖိကာနေလာရသည်မှာ ဘာလိုလိုနှင့် သုံးလလောက်တောင်ရှိပေတော့မည်။ဘာဆိုတာကို သတိမထားမိကြသေးပေမဲ့ ကျောင်းစိမ်းစကတ်အောက်က ဘောင်းဘီရှည်ကြီးတကားကား ခံဝတ်တတ်လေ့ရှိတာကိုတော့ အနည်းနှင့်အများ သတိပြုမိနေကြလေပြီ။
သီရိတို့ကျောင်းလေးဟာ နယ်ဘက်ရှိ ရပ်ကွက်ထဲက သာမာန်ကျောင်းလေးတစ်ကျောင်းသာဖြစ်သည်မို့ စည်းကမ်းချက်တွေက ကျောင်းကြီးတွေလို အများအပြားမရှိ။ကျောင်းစိမ်းဝတ်ပြီး အောက်ကနေ ပုံမှန်ဝတ်နေကျဘောင်းဘီရှည်ကို တစ်ထပ်ခံဝတ်လာခြင်းအား ဘယ်သူကမှ ဘာမှပြောမနေ။ဆရာမတွေကလည်း နင့်ကြည့်ရတာ ပူလိုက်တာဟယ် ဟု တခါတလေပြောတာကလွဲလျှင် အများကြီးသိပ်မပြော။ထို့ကြောင့် သီရိမှာ ကိုယ့်အခြေအနေနှင့်ကိုယ် ဒီလိုဖြစ်နေပေမဲ့ ကံကောင်းသည်ဟု မှတ်ယူရသေးသည်။
ဒေါ်လေးကလဲ ဘာမှန်းမသိ။
ကျောင်းစိမ်းဝယ်လျှင် ဘယ်လောက်ပြောပြော တွေ့ရာမြင်ရာ ဒူးဖုံးစကတ်တွေကိုသာ အလွယ်တကူဝယ်လာပေးလေ့ရှိလေရာ သီရိရဲ့ကျောင်းတက်ဖက်ရှင်သည် အမြဲတမ်း စကတ်အောက်ကဘောင်းဘီရှည်ကြီးတစ်ထပ်နှင့် နွေရာသီဆို လူအများ မျက်စိနောက်စရာကြီးဖြစ်နေတတ်သည်။အလယ်တန်း အထက်တန်းရောက်လို့ ထမီဝတ်ရချိန်မှာတော့ မည်သို့လာမည်မသိသေး။ကြည့်ရတာ ထိုအချိန်မှာလည်း သီရိတစ်ယောက်တော့ ထမီကို အောက်ထိပုံနေအောင်ဝတ်ကာ ထမီဒရင်းတိုက်ဖြင့် သွားလေရာ ကြမ်းတိုက် တံမြက်စည်းလှည်းဖြစ်နေလိမ့်မည်ထင်ပါသည်။
YOU ARE READING
ကိုယ်တိုင်ပျိုး၍ ပန်ခဲ့ကြသည်
Ficción Generalကိုယ်တိုင်ပျိုးပြီး ပန်ခဲ့ကြသည့်ပန်းလေးတွေဟာ ဘယ်လိုပုံစံ ဘယ်လိုရနံ့သက်မျိုးဖြင့်များ ဖူးပွင့်လာခဲ့ကြမလဲ...။