14. (Zawgyi)

601 27 0
                                    

မြိုပြနှင့် တောတောင် မတူသည့်အချက်က မနက်နိုးထချိန်မှ စသည်။ ဘန်ကောက်မှာတုန်းကလည်း သူ့ကွန်ဒိုက မြို့ပြင်နားမို့ ကားသံလူသံသိပ်မဆူပေမဲ့လည်း ချင်းဒေါင်း‌တောင် ပေါ်မှာလို မနက်ခင်းမှာ စမ်းချောင်းက ရေစီးသံ၊ ဝါးရွက်များကို ဖြတ်တိုက်သွားသည့် လေညှင်းသံ၊ ကျေးငှက်သံကျီကျီကျာကျာ အကြားမှာ နိုးထလာခွင့်တော့မရှိလေ။

အိပ်ယာက နိုးလယချိန် ချက်ချင်းမထသေးပဲ ရွက်ဖျင်တဲ၏ ကောင်းကင်ပေါက်က မြင်ရသည့် အလင်းဖျော့ဖျော့ကို ငေးနေမိသည်။ ပြီးမှမျက်နှာသစ် သန့်စင် မနက်ခင်းဝတ်ပြုလိုက်ပြီး မနက်စာကိုတော့ ရွက်ဖျင်တဲ အပြင်မှာပဲ မီးဖိုကာ ရေနွေးအိုးတည်ပြီး  Oat meal နှင့် ပေါင်မုန့်ကြက်ဥကြော်ကို ချိစ်နှင့် အသားပြားညှပ်ကာစားလိုက်သည်။ ထို့နောက် သူစခန်းချနေသည့် ဒွိုင်လွန်ချင်းဒေါင်း တောင်စောင်းတစ်ပတ် လမ်းလျှောက်ထွက်လာခဲ့သည်။ တောင်ကလပ်အစွန်းရောက်တော့ တောင်အထပ်ထပ်နှင့် ရှုခင်းက လှလွန်းသဖြင့် ခဏရပ်ကာ ကြည့်နေမိသည်။

သူ့မှာ ဘာမှ လောစရာမရှိ အချိန်တွေက ပိုလျှံလွန်းလှသည်။ ဒီနေ့ အတွက် သူ့အစီအစဉ်က နေ့လယ်ကျလျှင် စခန်းချသည့်နေရာပြောင်းမည်။ ဒီ့ထက်ပိုမြင့်သည့် တောင်ကလပ်ပေါ် တဲထိုးပြီးလျှင် မနက်ဖြန်မနက် နေထွက်တာကိုကြည့်ပြီး တောင်အောက်ပြန်ဆင်းဖို့ပင်။

ချင်းဒေါင်းက ထိုင်းနိုင်ငံမှာ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး သူအကြိုက်ဆုံးစခန်းချရသည့် နေရာဖြစ်သည်။ ယခင်ကတော့ ဆောင်းရာသီတိုင်း သူငယ်ချင်းတွေနှင့် စခန်းလာချဖြစ်သည်။ နောက်ကို Build ကိုပါခေါ်ပြီး စခန်းချလာဖို့ စိတ်ကူးထားဖူးပေမဲ့ Build က သူနှင့်လိုက်မည့်ပုံမပေါ်တော့။

သူ့လက်ထဲက ကျောက်ခဲကို တောင်ချွန်းကနေ အဝေးထိအောင်ပစ်‌ပေါက်လိုက်သည်။ သူ့ရင်ထဲကမွန်းကြပ်နေသည့် ခံစားချက်တွေဆိုသည်မှာလဲ ဒီလိုသာပါသွားလျှင် သိပ်ကောင်းမည်ထင်သည်။

အသည်းကွဲတာလားလို့မေးလာလျှင် ဟုတ်သည်လို့ပဲ ဖြေရတော့မည်။

သူဘန်ကောက်မှာ ဘယ်လိုမှ ဆက်မနေနိုင်တော့။ အလုပ်အချိန်ဇယား တွေကို တတ်နိုင်သမျှနောက်ရွှေ့ပြီး ချင်းမိုင်ပြန်လာခဲ့သည်။ ရောက်သည်နှင့် ဆိုင်ကယ်ပေါ်ကို ပစ္စည်းတွေပစ်တင်ပြီး ချင်းဒေါင်းကို ထွက်ခဲ့တာပင်။ အားလုံးနှင့်ဝေးရာမှာ သူတစ်ယောက်ထဲသာနေချင်တော့သည်။ နောက်ထပ်ကျောက်ခဲ တစ်လုံးကို ကောက်ယူပြီး ခပ်ဝေးဝေးကိုရောက်အောင် ထပ်ပစ်လိုက်သည်။

When what happens in VEGAS does not stay in VEGASWhere stories live. Discover now