ကိုယ်ဆောက်တဲ့အိမ်ထဲပြန်ပိတ်မိနေကြတဲ့လူတွေပေါ့ ကျမတို့နှစ်ယောက်ကြားအချစ်ဆိုတာအရယ်ရဆုံးပြတ်လုံးတစ်ခုဖြစ်လာမယ်လို့ ကျမရောမောင်ရောမထင်ထားခဲ့ကြဘူး တကယ်တော့မျက်လုံးသေတွေနဲ့ကျမတို့ထမင်းအတူစားခဲ့ကြတာကြာပါပြီ အနမ်းမရှိတဲ့မနက်ခင်းတွေဖြတ်ကျော်နေကြတာလဲကြာပါပြီ အိမ်ဆိုတာကိုကြားကောင်းရုံလောက် သရုပ်ပြပြီးနေနေခဲ့ကြတာ စေတနာဆိုတာထက် ၀တ္တရားတစ်ခုကိုကျမတို့ထမ်းပိုးနေခဲ့ကြတာ ဘယ်ကစတင်ခဲ့လဲမသိပေမဲ့ပွတ်တိုက်မိတဲ့ယုံကြည်မှုတွေအကြိမ်ရေများလာတဲ့အခါ ကျမတို့ကြားသံသယကိုမျိုးစေ့ချမိတော့တာပဲ ကြာလေကုပ်တွယ်လာလေဖြစ်တဲ့အမြစ်တွေကိုမရှင်းထုတ်မိတဲ့အခါ ကျမတို့ဝါးမြိုခံရတော့တာပဲ နွေးထွေးရွှန်းစိုနေတဲ့အပြုံးတွေက ဓါတ်ပုံဘောင်ထဲပဲကျန်နေခဲ့တယ် တကယ့်လက်တွေ့မှာကျမတို့ကမ္ဘာကပြိုလုပြိုခင်
' မောင်အိမ်ပြန်နောက်ကျတယ် '
တကယ်တော့မောင်ကအမြဲအိမ်ပြန်နောက်ကျနေကြပဲ 'ကျစ်' ကနဲ့မောင်ကစုပ်သတ်တော့ ကျမပြုံးမိသွားတယ် သေလောက်အောင်ချစ်တယ်ဆိုတဲ့သူနှစ်ယောက်က အခုတော့အသံမကြားချင်လောက်အောင်စိတ်ကုန်နေကြပြီ မညှိနှိုင်းတတ်ကြတာမဟုတ်ပဲ မညှိနှိုင်းချင်တာ အရိုးသားဆုံးပြောရရင် မချစ်ကြတော့တာ သက်ပြင်းတစ်ချက်ချပြီးကျမဆုံးဖြတ်ချက်ချလိုက်တယ်
အဲ့ဒီနေ့ကကျမ မောင့်ဂီတာကိုရိုက်ခွဲခဲ့တယ်
မောင်ကမျက်ရည်မကျသလို ကျမလည်းရှိုက်ငိုမနေခဲ့ဘူး
လွင့်စင်သွားတဲ့အပိုင်းအစတွေအတွက်လဲနှမျောတသမနေခဲ့ဘူး
ဟုတ်တယ် ကျမတို့လွတ်မြောက်သွားခဲ့ကြတယ်mizuki