Ep 07

5.7K 292 38
                                        

Ep 07

Uni+ Zaw

အချိန်မည်မျှကြာအောင်မေ့မြောသွားမှန်းမသိပေမယ့် ဒေါင်းလွမ်းဏီပြန်လည်သတိရလာချိန်တွင် အခန်းထဲ၌ သူတစ်ယောက်တည်းသာကျန်ခဲ့သည်။သူ့အားရက်ရက်စက်စက်ရိုက်နှက်ခဲ့သော သခင်ကြီးသည် ဘယ်ချိန်ကဘယ်လိုထွက်သွားမှန်းပင်မသိလိုက်ပေ။

သတိရလာချိန်တွင် အရင်ဆုံးခံစားမိသည်က ပြင်းပြင်းထန်ထန်နာကျင်နေသော မျက်နှာတစ်ခြမ်း။မျက်လုံးတစ်ဖက်သည်လည်း ကောင်းကောင်းဖွင့်မရသည်အထိ ဖူးယောင်ကိုင်းနေသည်။

ဘာ့ကြောင့် သူ့အား ဒီလိုရိုက်နှက် နှိပ်စက်ရပါသလဲ။အကြောင်းပြချက်ကို ဒေါင်းလွမ်းဏီ လုံးဝစဥ်းစားမရ။ဒီစံအိမ်ကြီးတွင်တည်းခိုနေစဥ်အတွင်း သူ အမှားများကျူးလွန်ခဲ့မိလေသလား။သို့သော်လည်း ထွေထွေထူးထူးမရှိ။အေးစက်သလိုရှိပေမယ့် စံအိမ်ပိုင်ရှင်သခင်ကြီးနှင့် အဖိုးအိုပင် သူ့အပေါ်ကြည်ဖြူစွာ ဧည့်ဝတ်ကျေခဲ့သည်မဟုတ်ပါလား။

အကြောင်းအရင်းကိုစဥ်းစားမရသည့်အဆုံး နာကျင်နေသည့်ကြားမှ ခေါင်းပင်ထိုးကိုက်လာသည်။နောက်ပြီး သူအခု ပိတ်လှောင်ခံထားရသော အခန်းသည် အလုံပိတ်အခန်းငယ်ဖြစ်သည်။ရေနံဆီမီးအိမ်၏ ခပ်မှိန်မှိန်အလင်းရောင်သာရှိပြီး တခြား ပြင်ပမှလာသော အလင်းရောင်ဟူ၍မရှိ။ပြူတင်းပေါက်မရှိသလို လေဝင်ပေါက်လည်းမရှိ။

စံအိမ်ကြီး၏ မြေအောက်ခန်းတစ်ခုဖြစ်ပုံရသည်။အခန်းတွင်း၌လည်း ထွေထွေထူးထူးဘာမှမရှိ။အောက်ခံသစ်သားကြမ်းခင်းပေါ်တွင် ခင်းထားသောမြက်ဖျာတစ်ချပ်သာရှိလေသည်။

ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲကာ ပင်ပန်းနာကျင်နေပေမယ့် ဒေါင်းလွမ်းဏီ မတ်တပ်ရပ်လိုက်သည်။အရှေ့တည့်တည့်ရှိ တံခါးပေါက်ဆီသွားလိုက်တော့ အောက်ခြေတွင်ခတ်ထားသော သော့မတွေ့ရ၍ အားရဝမ်းသာစွာဖြင့် ဖွင့်လိုက်ပေမယ့် အပြင်ဘက်မှခတ်ထားသည်ထင် ဖွင့်မရ။တံခါးကို ထုရိုက်၊ ကန်​ကျောက်သော်လည်း အသားနာရုံမှ တခြားမရှိ၍ ဒေါင်းလွမ်းဏီ လက်လျှော့လိုက်ရသည်။

လွတ်လမ်းတစ်ခုခုရှိလေမလား အခန်းတွင်းလှည့်ပတ်ကြည့်မိသည်။အခန်းသည် သိပ်ပြီးကျယ်လွန်းသည်မဟုတ်သော်လည်း အခန်းကျဥ်းကျဥ်းလေးလည်းမဟုတ်ပြန်။အခန်း၏ ထောင့်စွန်းဘက်တွင် အပေါ့အပါးသွားဖို့ အခန်းငယ်လေးတစ်ခုရှိသာပြီး ကျန်တာဘာမှမတွေ့ရ။ဒီကနေ သူဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲ။အမေနဲ့ ရင်းခက်ကိုလည်း သိပ်သတိရသည်။

သခင်ကြီးနှင့်စံအိမ်တော်[COMPLETED]Tempat cerita menjadi hidup. Temukan sekarang