မိုးနဲ့အတူ

2.2K 191 19
                                    

    Unicode
    တဝေါဝေါရွာချနေတဲ့ မိုးရေစက်တွေကို ငေးရင်း အအေးဓာတ်စိမ့်စိမ့်ကလေး ခံစားရတာ သိပ်ကို စိတ်ကျေနပ်ဖွယ်ကောင်းသောပါပဲ ။ တစ်နေကုန် ပူပြင်းလောင်မြိုက်နေပြီး ညနေခင်းလေးမှာ သည်းကြီးမည်းကြီးရွာချလိုက်တဲ့ မိုးက တစ်နေ့လုံး ခံစားနေရတဲ့ အပူဒဏ်ကို မေ့သွားစေသည်။ ဟိုးကောင်းကင်အမြင့်ကနေ ကမ္ဘာမြေပေါ်ကို ခုန်ချလာတဲ့ မိုးစက်တွေ ။မြေကြီးနဲ့ အိမ်အမိုးနဲ့ သစ်ပင်တွေနဲ့ ထိခိုက်ရိုက်ခတ်မိရင်း ဖွာထွက်လွင့်စင်ပြိုကွဲသွားရတဲ့ မိုးစက်ကလေးတွေ။ ဘယ်ဖြစ်တည်မှုကမှ မပျက်စီးဘူးဆိုတာ မရှိပါလား ။ မိုးသည်းသည်းမှာ လမ်းဘေးရပ်ထားတဲ့ ကားတစ်စီးထဲထိုင်ရင်း မိုးစက်တွေကိုငေးပြီး တွေးချင်ရာတွေးနေတဲ့ သက်တန့်ငယ် ။

သူများတွေက စောင့်ရတာကို မကြိုက်ဘူးတဲ့ ။ငယ့်အတွက်ကတော့ သူများတွေနဲ့ပြောင်းပြန်။ စောင့်ရတာကိုကြိုက်သည်။ ဘယ်ချိန်ထိစောင့်ရစောင့်ရ စောင့်နိုင်သည်။
ထိုင်စရာနေရာလေး တစ်နေရာရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ငေးမိငေးရာ ငေးနေရရင် ဘယ်သူ့ကိုဖြစ်ဖြစ် ဘယ်အရာကိုဖြစ်ဖြစ် ငယ် စောင့်နိုင်ပါသည်။

     ခုလည်း မေမေ့ကို စျေးလိုက်ပို့ရင်း ကားထဲထိုင်စောင့်ကျန်ရစ်ခဲ့တာ။ ရုတ်တရက် ရွာချလိုက်တဲ့မိုးကြောင့် မေမေ မိုးစိုနေပြီလားလို့ တခဏတော့ တွေးပူလိုက်သေးသည်။ မိုးသည်းသည်းထဲမှာ ထီးဆောင်းပြီး လိုက်သွားရင်လည်း ငယ် စိုရွှဲကုန်တော့မှာ ။  မေမေက အသိအကျွမ်းများတဲ့သူဆိုတော့ သင့်တော်တဲ့တစ်နေရာရာမှာ မိုးဝင်ခိုနေမှာပါဟု တွေးပြီး ကားထဲမှာသာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည် ။ 

     ကားရှေ့မှန်ပေါ်ကို ခုန်ပေါက်ကျဆင်းလာတဲ့ မိုးစက်ကလေးတွေဟာ ကားအတွင်းထဲကနေကြည့်ရင် ပန်းပွင့်ကလေးတွေလို ။ကားမှန်နဲ့ အရှိန်ပြင်းမိုးစက်ကလေး ထိတွေ့မိတဲ့အခါ မိုးစက်ကလေးက မိုးပွင့်ကလေးအဖြစ် ဖွာထွက်ပုံပျက်။ ကားမှန်ပေါ်မှာ မိုးပွင့်ကလေးတွေ။ဟောတစ်ပွင့် ဟောတစ်ပွင့်။ တစ်ပွင့်နဲ့တစ်ပွင့် ခပ်မြန်မြန်ဆက်သွား ။ မှန်ခုံးပေါ်ကနေ အောက်ကို ရေစီးကြောင်းလေးအဖြစ် အလျင်အမြန်ပြေးဆင်း။ လှလိုက်တာ ။ ငယ့်အာရုံကို ဖမ်းစားထားတဲ့ မိုးစက်ပွင့်ကလေးတွေကို ငေးနေတုန်း ကားမှန်တံခါးခေါက်သံ ကြားလိုက်ရသည် ။မေမေ။
     အကျင့်ပါနေတဲ့လက်တွေက ကားတံခါးကိုဖွင့်ပေးပြီးသား ။
    ''မိုးကြီးနေတာကို ခိုမနေပဲ... ဟင် မင်းဘယ်သူလဲ...´´
     ငယ့်ဘေးမှာ ဝင်ထိုင်လိုက်သူက မေမေလည်းမဟုတ်ဘူး ။
    '' ကျေးဇူးနော်... မိုးကအရမ်းကြီး နေတာ ခိုစရာသာမရရင် တစ်ကိုယ်လုံးစိုကုန်တော့မှာ...´´
  ပခုံးပေါ်က ရေစက်တွေကို ခါချရင်း  လှမ်းစကားပြောနေတဲ့ ကောင်မလေးကို ငယ် တအံ့တသြကြည့်နေမိသည်။ သူစိမ်းတစ်ယောက်ရဲ့ကားထဲဝင်ထိုင်နေသလို ရှိုးတို့ရှန်းတန်းဖြစ်မနေဘဲ သူအပိုင်ကားထဲဝင်ထိုင်လိုက်သလို  အေးအေးဆေးဆေး သက်တောင့်သက်သာ ။ ဘယ်လိုလေးပါလိမ့်။ရဲတင်းလိုက်တာ။ကားထဲမှာ ငယ်မဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက်သာဆို ဘယ်လိုလုပ်မလဲ ။ သူမို့မကြောက်မလန့် ။ 
    '' မိုးခိုတယ်ဆိုတာ တံစက်မြိတ်အစွန်းတို့ ...ဆိုင်ခန်းရှေ့တို့....အမိုးတစ်ခုခုအောက်ကို ဝင်ခိုရတာ မဟုတ်ဘူးလားဟင်...´´

    ငယ့်မေခွန်းကိုသူရယ်သည် ။ မိုးသံကို အံတုရလို့များလား ။ ရယ်သံက တိုးသဲ့သဲ့ ။
    ''ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့ မီက အဲ့ဒီနေရာတွေရောက်အောင်သွားဖို့ အချိန်မရတော့လို့ပါ...မိုးနည်းနည်းစဲသွားရင်မီ ပြန်ဆင်းမှာပါ...´´

   အမယ် မဆင်းရင် အိမ်ထိများ လိုက်ခဲ့ဦးမလို့လားမသိ။ ဘေးတိုက်မြင်နေရတဲ့ မျက်နှာလေးက ဖြူနုဝင်းမွတ်နေသည် ။ ငယ့်ကားထဲ ခပ်တည်တည်လာဝင်ထိုင်နေသူဟာ လူကောင်းလား လူဆိုးလား ဘယ်လိုလူမျိုးလဲ မသိပေမဲ့ မိုးသည်းထဲ အတင်းမောင်းမချရက် ။ အကြည့်ကို ကားရှေ့မှန်ဆီသို့ ပြန်ပို့လိုက်သည် ။   

    မိုးသံကလွဲပြီး ကားထဲမှာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူကခပ်တိုးတိုးမေးသည်။

     ''နာမည်ဘယ်လိုခေါ်လဲဟင်,,,´´

      ''ပြန်တွေ့ကြမဲ့ သူတွေမှမဟုတ်တာ...´´

      ''အို ပြောနိုင်မလား...တစ်မြို့တည်း နေကြသူခြင်းကို...အခုတောင် အမှတ်မထင် ဆုံကြပြီပဲ...နောက်လည်းတွေ့ချင်တွေ့ကြမှာပေါ့...ပြောပြပါ...´´
   သူ့ပုံစံက မဖြေမချင်းမေးနေမဲ့ပုံ ။ ငယ် တမင်ညစ်ပြီး အသံတိုးတိုးလေးနဲ့ ဖြေလိုက်သည်။
    '' သက်တန့်ငယ်...´´
     ''နာမည်လေးက လှလိုက်တာ... တို့နာမည်က မေမီမင်းတဲ့...မီလို့ခေါ်ကြတယ်သူလည်းအဲ့လိုခေါ်ပေါ့...´´
  မိုးသံအကျယ်ကြီးကြားထဲ ငယ့်အသံတိုးတိုးကို သူကြားတယ်။ငယ် ပြုံးပြီး ခေါင်းသာခါနေမိသည်။ စတွေ့ကတည်းက တဇွတ်တိုးနိုင်တဲ့ ကောင်မလေး။
    မီဆိုတဲ့ ကောင်မလေး ကားပေါ်ကနေ ဆင်းသွားတဲ့အခါ ငယ် တိတ်တိတ်ဆိတ်ဆိတ် ကျန်နေခဲ့သည်။ မိုးရေစက်တွေကြားထဲကနေ ငယ့်ဘဝထဲကို အမှတ်တမဲ့ ဝင်ရောက်လာတဲ့ ထိုကောင်မလေးကို အချိန်အကြာကြီး အမှတ်ရနေခဲ့သည် ။
   ~~~~~~~~~~~~~~

      ''အန်တီရေ...မုန့်ဟင်းခါးတစ်ပွဲပေးပါ... အစုံထည့်မယ်နော်...´´
   ''ညှပ်ဖတ်နဲ့လား ၊မုန့်ဖတ်နဲ့လားသမီး...မုန့်ဖတ်နဲ့က တစ်ပွဲဘဲ ရတော့မှာ..´´.

   ´´´မုန့်ဖတ်နဲ့ပဲပေးပါအန်တီ...

     မုန့်ပွဲစောင့်ရင်း လမ်းတစ်ဖက်ခြမ်းက စတိုးဆိုင်ကို လှမ်းငေးနေတုန်း ငယ့်အာရုံထဲကို အသံတစ်သံ ဝင်လာသည် ။

    ''မုန့်ဟင်းခါးဆိုတာ မုန့်ဟင်းခါးဖတ်သေးသေးလေးတွေနဲ့မှ လိုက်ဖက်တာ အဒေါ်ရ.... ညှပ်ခေါက်ဆွဲနဲ့က လုံးဝမလိုက်ဘူးရှင့်...ကျွန်မ မစား တတ်လို့ပါ...´´

      ''ခက်တာပဲသမီးရေ...မုန့်ဖတ်နဲ့ကတစ်ပွဲစာပဲ ကျန်တာ...အခုလေးတင် သူများမှာပြီးသား ဖြစ်သွားလို့ကွဲ့...ညှပ်နဲ့မစားတတ်ရင် မနက်ဖြန် စောစောမှလာပါလားသမီး...´´

    ''အဲ့ဒီတစ်ပွဲလေး ကျွန်မကို ပေးလိုက်ပါလား အဒေါ် ...ဗိုက်တအားဆာနေပြီမလို့ပါ...ဟင်းရည်နဲ့ ငါးဖယ်ကြော်ရယ် ပဲကပ်ကြော်ရယ်က တစ်ပွဲသပ်သပ်ထည့်ပေးနော်...´´

    ငယ် မနေနိုင်တော့။ အသံရှင်က အတော် ဆာနေပုံရသည်။

    '' အန်တီ...ခုနက ကျွန်မမှာထားတဲ့ ပွဲကို သူ့ကိုပေးလိုက်ပါ... ကျွန်မအတွက် ညှပ်နဲ့ပဲ ပြင်ပေးလိုက်ရတယ်...´´

       ငယ့်စကားလည်းဆုံးရော ရှေ့ကိုရောက်လာတဲ့ပုံရိပ်။

     '' ထပ်တွေ့ ကြပြန်ပြီ သက်တန့်ငယ်...ဒီတစ်ခါလည်း ကျေးဇူးထပ်တင်ရတော့မှာပေါ့...မီ ဒီမှာပဲ ထိုင်လိုက်မယ်နော်...ငယ်တစ်ယောက်တည်းမဟုတ်လား...´´

သူစိမ်းနဲ့ဆိုရင် စကားမပြောတတ်တဲ့ငယ်။ သူပြောချင်ရာတွေ တရစပ်ပြောချပြီး ငယ်နဲ့မျက်နှာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်တဲ့ ကောင်မလေးကို အကြောင်သားလေး ကြည့်နေမိသည်။

    '' စားလေငယ်...မုန့်ပွဲလဲပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မီ ရှင်းမယ်နော် အဝသာစား...အားမနာနဲ့...´´

ငယ့်ကိုပြောလည်းပြော သူ့ပန်းကန်းထဲ နံနံပင်ထည့်လိုက် သံပရာသီးထည့်လိုက်နဲ့ အလုပ်တွေရှုပ်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ငယ်ဗိုက်ဆာနေတာတောင် မေ့သွားသလိုလို။
     ထိုနေ့ကစားတဲ့ မုန့်ဟင်းခါးက ငယ်မကြိုက်တဲ့ ညှပ်ဖတ်နဲ့ဆိုပေမဲ့ အခါတိုင်း စားနေကျ မုန့်တွေထက် ပိုအရသာရှိပါသည် ။
~~~~ ~~~~ ~~~~~ ~~~~~ ~~~~~
      ''ဆရာမဂျူးရဲ့ ဆုံနေရက်နဲ့လွမ်းလေခြင်း  ရှိလားအစ်မ...´´
      ငယ် လက်ထဲက စာအုပ်ကို ခပ်တင်းတင်းလေး ကိုင်လိုက်မိသည် ။ မသိရင် တစ်ယောက်ယောက်က အခုချက်ခြင်း လာလုတော့မဲ့ ပုံစံနဲ့ ။အဖြေကို သိပြီးသား ဖြစ်ပေမဲ့  စာရေးမလေးရဲ့ ဖြေသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်ထားရသည် ။ လွန်ခဲ့တဲ့ ငါးမိနစ်လောက်က ငယ်ကိုယ်တိုင် အဲ့ဒီမေးခွန်းကို မေးခဲ့ပြီးပြီလေ။
     ''တစ်အုပ်ပဲ ကျန်တော့တာ ညီမရေ...´´
      ''ဘယ်နားလေးမှာ ထားလဲအစ်မ...´´
     '' ဟိုဘက်စင်ရဲ့ တတိယမြောက်အတန်းမှာ...´´
      ငယ် စာအုပ်ကိုင်ထားတဲ့လက်ကို နောက်ပစ်လိုက်ပြီး ထိုနေရာက ခွာဖို့ပြင်သည် ။ သို့သော် လျင်မြန်လှတဲ့ ခြေသံက ငယ့်ဘေးကို ချက်ခြင်းဆိုသလို ရောက်လာသည် ။ တစ်အုပ်ပဲ ကျန်တော့တဲ့ စာအုပ်နေရာမှာ ခုတော့ကွက်လပ်ကလေး ။
     ငယ် ထိုနေရာမှ ခပ်သွက်သွက်လှည့်ထွက်ပြီး ကောင်တာဆီသို့ လျောက်သွားလိုက်သည် ။
     ''အစ်မ ဒါလေးယူမယ်နော်...´´
     ''အစ်မ ရှာလို့မတွေ့ဘူးရှင့်...´´
     အသံနှစ်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာသည် ။ စာရေးမလေးက သူ့လက်ထဲက စာအုပ်ကို မြှောက်ပြလိုက်သည် ။
   ''ဟင် ဒီရောက်နေပြီလား မီ ယူမယ်နော်...´´
     ''တို့ ယူထားပြီးသား...´´
      ဖျတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးက ငယ့်ကိုတွေ့တော့ လက်ခနဲ ။ ငယ်ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသည် ။ထပ်ပြီးတော့ တွေ့ပြန်ပြီ ။
    ''ဒီစာအုပ်က ငယ်ဖတ်ပြီးသားလားဟင်...မီက မဖတ်ရသေးဘူး...သူငယ်ချင်းတွေ အရမ်းညွှန်းလို့ လာဝယ်တာလေ...ဖတ်ကြည့်ချင်နေပြီ...´´
    ငယ်ဝယ်ထားတဲ့ စာအုပ်လေးကို သူငယ်ချင်းကငှားပြီး ပြန်မပေးတော့လို့ ထပ်ဝယ်တာ ဆိုတဲ့စကားကို ငယ် မပြောဖြစ်လိုက် ။ဖတ်ကြည့်ချင်နေပြီလို့သာပြောပြီး သူ့ကိုပေးပါလားလို့ မတောင်းဆို ။နုတ်ကနေဖွင့်ဟမတောင်းဆိုပေမဲ့ စာအုပ်ကလေးကို ကြည့်နေတဲ့ အကြည့်ထဲက အရိပ်တွေကို  ငယ် ဖတ်တတ်ပါသည်။ အသာတကြည်ပင် သူ့လက်ထဲ စာအုပ်လေး ထည့်ပေးလိုက်တော့ ဝင်းလက်သွားတဲ့ မျက်နှာလေးကို ငယ် သဘောတကျ ကြည့်နေမိသည် ။ တော်တော်လှပြီး သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်မလေး ။ လိုချင်တာ ရသွားရင် အပြုံးလေးက ချိုနေရော။
      ''တခါတလေ တွေ့ရင် တိုက်ဆိုင်မှု...မကြာခဏတွေ့ရင် ရေစက်တဲ့...မီတို့မကြာမကြာ တွေ့ဖြစ်ကြတယ်နော်...´´
     စာအုပ်ဆိုင်ထဲကနေ အတူထွက်လာရင်း ပြောလိုက်တဲ့စကားကို ငယ် ပြန်ဖြေမိလိုက်ပုံက
   ''အခုမှ သုံးခါပဲ ရှိသေးတာကို...´´
      ငယ့်စကားကြောင့် ခပ်တိုးတိုးရယ်သံကိုကြားရသည်။ သေလိုက်ပါတော့ငယ်ရယ်။ ဘယ်သူက ရိုက်စစ်နေလို့လဲ ။
     ''လူနှစ်ယောက် သူငယ်ချင်းဖြစ်ဖို့ တွေ့ဆုံတဲ့ အကြိမ်အရေအတွက်က အရေးမကြီးပါဘူး...ခင်မင်ချင်စိတ်ကသာ အဓိကပါ...မီက ငယ့်ကို ကားပေါ်မှာ တွေ့ကတည်းက ခင်ချင်စရာလေးလို့ တွေးလိုက်ပြီးသား...ဘယ်လိုလဲငယ်...မီတို့ သူငယ်ချင်းတော်ကြမလား...´´
     သူငယ်ချင်းတဲ့လား ။ ငယ်နဲ့ကာလအတန်ကြာအောင် စိမ်းသက်နေတဲ့ စကားလုံး ။ တစ်ယောက်တည်း နေရတာကြိုက်တယ်လို့ ဖွင့်ပြောချိန်မရအောင်ကို ထိုကောင်မလေးက သူငယ်ချင်းဆိုတဲ့ စကားလုံး သုံးပြီးကတည်းက စကားတွေ ရေပက်မဝင်အောင် ပြောတော့သည် ။
    ကာလအတန်ကြာအောင် သူငယ်ချင်းမရှိပဲ တစ်ယောက်တည်းနေရတဲ့လွတ်လပ်အရသာကို အပြည့်အဝ ခံစားနေတဲ့ငယ် ။ သူနဲ့တွေ့မှ နေသားကျနေတဲ့ အရာတွေဆီကနေ ငယ်တဖြည်းဖြည်းဝေးကွာလာနေတာ သတိထားမိတော့သည်။ 
~~~~~~~~~~~~~
      ''ငယ်... ငယ့်ကိုမြင်လိုက်ရင် အမြဲတစ်ယောက်တည်းနော်...သူငယ်ချင်းတွေ မရှိတာလား ချိန်းလို့မရကြတာလား...´´
     သူငယ်ချင်းဆိုတာနဲ့ မျက်နှာတစ်ခုကို ပြေးမြင်သည် ။
      ''အရင်ကတော့ ရှိပါတယ်...သိပ်ခင်ရတဲ့ သူငယ်ချင်းရှိတယ်...ဒါပေမဲ့ သူက...´´
      စကားမဆက်နိုင်။ ခေါင်းငုံ့ပြီး မြေပြင်ကို ငေးမိတော့ အတိတ်ပုံရိပ်တွေက တဖျတ်ဖျတ်။ အတိတ်မှာလေ ငယ်ပျော်နေသလို သူလည်းရယ်မောနေတယ် ။ အတိတ်ထဲမှာလေ။
     ´'ဆက်ပြောလေ ငယ်...´´
     ခပ်တိုးတိုးအသံကြားမှ ငယ်တစ်ယောက်တည်း မဟုတ်ပါလားဆိုတာ သတိရသည် ။ ကြိုးစားပြီး ပြုံးလိုက်ပေမဲ့ နုတ်ခမ်းလေးက မဲ့ကွေးကျသွားမှာ။

     ''သူက ....သူက ငယ့်ဘေးမှာ မရှိတော့ပါဘူး...´´ ''ဘယ်ရောက်နေလို့လဲငယ်...အဆက်အသွယ်ရောရှိရဲ့လား...´´
       ဒီမေးခွန်းကို မဖြေချင်ပေမဲ့ ငယ့်ကိုစိုက်ကြည့်နေတဲ့ အကြည့်ထဲမှာ အဖြေကို မျော်လင့်ရိပ်တွေ အထင်းသား။ မဖြေဘူးဟု ငြင်းဆန်မဲ့ ခေါင်းခါမှုအစား နုတ်ခမ်းဖျားကနေ စကားလုံးတစ်ချို့ထွက်ကျလာသည်။
      ''ဟင့်အင်း...အဆက်အသွယ် မရှိပါဘူးမီရယ်...ဆက်သွယ်ချင်လို့လည်း မရတော့ပါဘူး...တို့တွေဝေးသွားကြတာ ကြာပါပြီ...ပြန်ဆုံဖြစ်ပါ့မလား မသိနိုင်အောင် ဝေးသွားခဲ့ကြပါပြီ...´´
    သူ့ရဲ့ စူးရှရှအကြည့်နဲ့ ငယ်ရဲ့မှိန်ဖျော့ဖျော့အကြည့်တို့အတန်ကြာအောင် ဆုံနေပြီးမှ သူကစ အကြည့်လွဲသွားသည် ။ခပ်ကြာကြာမျက်တောင်မခပ်စတမ်း ကြည့်နေလို့လားမသိ။ အကြည့်လွဲချိန်မှာ သူ့မျက်ဝန်းထဲမှာ မျက်ရည်စတချို့ကို မြင်ရသည်။
      ''အင်း ထားပါတော့လေ...မဆုံနိုင်အောင် ဝေးသွားတဲ့ သူငယ်ချင်း ရှိခဲ့သလို အခု မဝေးချင်အောင် ခင်ဖို့ကောင်းတဲ့သူနဲ့ တွေ့နေပြီလို့ မှတ်ထားပေါ့ငယ်...ရှင်က ခင်ဖို့ကောင်းပါတယ်...´´
     ခင်ဖို့ကောင်းတယ်တဲ့။ ငယ်ကလည်း ရှင့်ကို ခင်ရုံခင်ဖို့ ကြိုးစားနေပါတယ် မေမီမင်းရယ်။
~~~~~~~~~~~~~~
     ''သက်တန့်ငယ်...သူက ညီညီဦးတဲ့...မီ့ရဲ့ သူငယ်ချင်းလေ...ညီက သိပ်ခင်ဖို့ကောင်းတာ...မီ့သူငယ်ချင်းတွေကို အချင်းချင်းခင်စေချင်လို့ မိတ်ဆက်ပေးတာ...တစ်ယောက်တည်း သွားရမဲ့ လမ်းတွေရှိရင် သူ့ကိုအဖော်ခေါ်လို့ရတယ်နော်...´´
      အရိပ်တစ်မျိုး လွှမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ ထိုကောင်လေးကို မြင်မြင်ချင်းမှာပင် ငယ် စိတ်ထဲသဘောမတွေ့ ။ ငယ့်အတွက် သူငယ်ချင်းအများကြီး မလိုအပ်ဘူးဆိုတဲ့အကြောင်း စကားကြုံရင် သူ့ကိုပြောပြထားရဦးမည် ။  မီကခင်စရာကောင်းတယ်လို့ ဆိုပေမဲ့ ငယ်ကတော့ ထိုကောင်လေးကို မခင်ပါ။ ငယ်နဲ့ အဲ့ဒီညီညီဦးကို မိတ်ဆက်ပေးပြီးတဲ့နောက်မှာ မီ ငယ့်ဆီလာတိုင်း ထိုကောင်လေး ပါလာတတ်သည် ။
      ခပ်ရဲရဲအကြည့်တွေရယ်၊ ရိသဲ့သဲ့စကားလုံးတွေရယ်ကို မီက မသိသယောင်ဆောင်နေပေမဲ့ ကာယကံရှင် ငယ်ကတော့ ဘာမှမဖြစ်သလိုမနေနိုင်ပါ ။ သူပါမလာတဲ့ တစ်ခေါက်မှာ ငယ် သူ့အကြောင်း မီ့ကိုပြောဖြစ်သည် ။
      ''မီ...´´
      ''ဟင်...ပြောလေ...´´
     ကော်ဖီခွက်ကို စိတ်မပါတပါဟန်နဲ့ မွှေနေတဲ့ မီက ငယ်ခေါ်ပေမဲ့ ငယ့်မျက်နှာကို မကြည့်ပါ။ တစ်စုံတစ်ရာကို ပြောသင့်မပြောသင့် ချိန်ဆနေဟန်နဲ့ တွေဝေငြိမ်သက်နေသည် ။
     ''ဒီနေ့ ညီညီဦးကို ခေါ်မလာဘူးလား...´´
       ''ဟင့်အင်း သူလိုက်မလာဘူး...´´
     ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေပေမဲ့ မျက်ခုံးတွေ တွန့်ချိုးသွားတာ မြင်သည် ။ တစ်စုံတစ်ရာကို အလိုမကျဟန်နဲ့ မျက်နှာထားက ခပ်မှုန်မှုန် ။
     ''လိုက်မလာတာကောင်းတယ်...မီက ခင်စရာ ကောင်းတယ်ဆိုပြီး မိတ်ဆက်ပေးခဲ့ပေမဲ့ ငယ် သူ့ကိုမခင်ဘူး...´´

    ''ဟင် ဟုတ်လား..´´

     ဖျတ်ခနဲ ပြုံးသွားတဲ့ နုတ်ခမ်းပါးတို့ကို ငယ် ငေးမိသွားသည် ။ တကယ်လှတာ ။ပြုံးလိုက်တဲ့အချိန်မှာ နုတ်ခမ်းထောင့်စွန်းကလေးတွေ ကော့တက်သွားပုံက လေးကိုင်းတစ်ခုလို ။ ထိုလေးကိုင်းသဏ္ဌာန် နုတ်ခမ်းပါးလေးဆီကနေ စကားလုံးမြှားတွေ ထွက်ကျလာလိမ့်မယ်လို့တော့ ငယ် တကယ် မျော်လင့်မထားပါ။
     ''သူကလည်း ငယ့်ကို မခင်ပါဘူး...´´
     ငယ့်စိတ်ထဲ ပွင့်လင်းလိုက်တဲ့ စကားပါလားလို့ အံ့သြသွားချိန်မှာ ထိုထက်ပို အံ့သြစရာ စကားလုံးမြှားတို့ ထိုနုတ်ခမ်းဖျားကနေ ထပ်မံထွက်ကျလာသည် ။
     ''ချစ်တာတဲ့....သူက ငယ့်ကို ချစ်နေတာတဲ့...သူကိုယ်တိုင်ဖွင့်မပြောရဲလို့ လိုက်မလာတာလေ...မီ့ကို မြှားနတ်မောင်လုပ်ဖို့ တာဝန်ပေးလိုက်တယ်...´´
    ချစ်တာတဲ့လား။ ဒီစကားလုံးတွေကို ငယ်မျော်လင့်ထားပြီးသား ။ ဒါပေမဲ့ ဒီစကားတွေ သူ့နုတ်ခမ်းဖျားကနေ ထွက်ကျလာလိမ့်မယ်လို့ ထင်မထားခဲ့တာ။  
     ''ဒါဆို မြှားနတ်မောင်ကတစ်ဆင့် အဖြေပြန်ပေးရမှာပေါ့...´´
    ''ဟင့်အင်း...မဟုတ်ဘူး ငယ်...သူ့ကိုတိုက်ရိုက် အဖြေပေးလိုက်ပါ...သူညနေကျရင် ငယ့်ကို လာတွေ့လိမ့်မယ်...´´
      ငယ့်ကို မဝံ့မရဲ ခိုးကြည့်လိုက်တဲ့ မျက်ဝန်းမှာ တွေ့လိုက်ရတာ မျက်ရည်ရိပ်လား ။
       ''သူနဲ့တွေ့ဖို့ မလိုတော့ပါဘူး မီရယ်...ချစ်စကားကို မီက သယ်လာတာဆိုတော့ အဖြေကိုလည်း မီပဲပြန်သယ်သွားပေးလိုက်ပေါ့...´´
     ''ဟင့်အင်း ငယ်...´´
    ခါးခါးသီးသီးငြင်းဆန်သံကိုဖြတ်ပြီး အဖြေကို ဇွတ်ပြောပစ်လိုက်သည် ။
     ''တို့ သူ့ကို မချစ်ဘူး မီ...ညီညီဦးကိုမှ မဟုတ်ဘူး...ဘယ်ယောကျ်ားလေးကိုမှ တို့ မချစ်ဘူး...ဘာလို့လဲဆိုတော့ တို့က ယောကျ်ားလေးတွေကို စိတ်မဝင်စားလို့...´´
       မိသားစုနဲ့ တစ်ယောက်သောသူကလွဲပြီး ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်ကို ခင်တာသိပ်မကြာသေးတဲ့၊ တစ်ယောက်အကြောင်းတစ်ယောက် ရေရေရာရာမသိသေးတဲ့ သူစိမ်းတစ်ယောက်ကို ငယ်ဘာလို့များ ပြောပြမိပါလိမ့် ။ သိပ်အံ့သြသွားမယ် ဒါမှ မဟုတ် စက်ဆုပ်ရွံ့ရှာတဲ့ အမူအရာတွေ ပေါ်လာလိမ့်မယ် ထင်ထားပေမဲ့ သူ့ကြည့်ရတာ ငယ့်စကားကို ဘာမှ ထူးထူးခြားခြား ခံစားရပုံမပေါ်။

      ''အခင်ဆုံး သူငယ်ချင်းကရော ယောကျ်ားလေးလား မိန်းကလေးလား...´´

မျော်လင့်ထားတဲ့ မေးခွန်းကတခြား။ ခဏငြိမ်နေပြီးမှ ငယ် အဖြေပေးလိုက်သည်။

      ''မိန်းကလေးပါ မီ...တို့ဘဝမှာ သူ့လောက်ခင်စရာကောင်းတဲ့သူ ထပ်မတွေ့သေးဘူး...သူနဲ့တို့နဲ့က စိတ်တူကိုယ်တူတွေလေ...´´

     ငယ့်စကားအဆုံးမှာ သူဝုန်းခနဲ ထရပ်သည် ။ သူ့ကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားသွားပုံရသည် ။ ချက်ခြင်းကို နီရဲတက်လာတဲ့မျက်နှာ ။ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တဲ့ လက်သီးဆုပ်ကလေး။ တဆတ်ဆတ်တုန်နေတဲ့ ခန္ဓာကိုယ်။ ဘာဖြစ်သွားတာလဲ ။ သူ့သူငယ်ချင်းကို ငယ် ငြင်းလိုက်လို့များ ဒေါသထွက်သွားသလား ။

     ထိုနေ့က နုတ်မဆက်ပဲ လှည့်ထွက်သွားတဲ့ ကျောပြင်လေးကို ငယ် ငေးကြည့်ကျန်ရစ်ခဲ့ရသည် ။ ပြီးတော့ ငယ် သူ့မျက်နှာလေးကို မတွေ့ရတာလည်း အချိန်တစ်ခုအထိ ကြာသွားခဲ့သည် ။

~~~~~~~~~~~~~~~~~~~~~~

      ''ငယ်ကသိပ်နေနိုင်တာပဲနော်...တစ်ယောက်တည်း နေတတ်တယ်ဆိုတာ မီ ယုံသွားပြီ သိလား...အဖြေကိုမကြားရဲပေမဲ့ မေးချင်လို့ မေးပါရစေ...ငယ် မီ့ကိုမလွမ်းဘူးလားဟင်...´´

      ဖုန်းစကရင်ပေါ်က မက်ဆေ့ တိုလေးကိုဖတ်ပြီး ငယ် ပြုံးနေမိတာအကြာကြီး ။ တော်တော်ကြာမှ စာတစ်စောင်ကိုတိုတိုတုတ်တုတ် ပြန်ပို့လိုက်သည် ။ စာရှည်ရှည်မရေးနိုင်တာ ပြောစရာ စကားတွေ သိပ်များနေလို့ဆိုတဲ့အကြောင်းကို အဲ့ကောင်မလေး ရိပ်မိပါ့မလား။

     ''လွမ်းတာပေါ့...´´

     တဖက်က ငယ့်အဖြေကို စောင့်နေပုံရသည် ။ ချက်ခြင်းပင် စာတစ်စောင် ပြန်ပို့လာသည် ။

     ''လွမ်းရင် မနက်ဖြန်တွေ့ကြရအောင်လေငယ်...Miss You ကိုသိလား...အဲ့ဆိုင်မှာ ဆုံကြရအောင်...´´

     ဆိုင်နာမည်ကိုဖတ်ပြီး ငယ် သဘောတကျ ပြုံးလိုက်မိသည် ။ Miss You ဆိုတဲ့ ကော်ဖီဆိုင်က ရှော့ပင်းစင်တာတစ်ခုမှာ ရှိတာ ။ ငယ် ရောက်ဖူးပါသည် ။
     ''ဟုတ်ကဲ့...´´
  စာရိုက်ရင်း နုတ်ကနေလည်း အသံထွက်သွားသေးသည် ။ send ကိုနှိပ်ရင်း ငယ့်အဖြစ်ကိုငယ် သဘောတကျ ရယ်မောမိရပြီ။ တစ်ယောက်ယောက်ကြောင့် စိတ်လှုပ်ရှားပြီး အယောင်ယောင် အမှားမှားတွေဖြစ်တာ ဒါဟာ ငယ့်ဘဝမှာ ပထမဆုံးပဲ မီရေ။
      တစ်ယောက်တည်း နေသားကျနေတဲ့ ဘဝထဲကိုမိုးနဲ့အတူ ဝင်ရောက်လာတဲ့ ကောင်မလေးကို ဆောင်းလေအေးတွေတိုက်နေတဲ့ နေ့ရက်တစ်ရက်မှာ   သွားတွေ့ဖို့ ငယ် အရမ်းကိုတက်ကြွနေခဲ့သည် ။
~~~~~~~~~~~~~~
      ''ငယ်....သက်တန့်ငယ်...လွမ်းတယ် အရမ်းလွမ်းနေခဲ့တာ...´´
     ငယ့်ဘေးကို ပူးပူးကပ်ကပ်ဝင်ထိုင်လိုက်တဲ့ပုံရိပ်ရယ် ။ ခပ်တိုးတိုးစကားသံရယ် ။လက်မောင်းကို လှမ်းချိတ်လိုက်တဲ့ အထိအတွေ့ရယ် ။  လူရော ငယ့်နှလုံးသားရော လေထဲလွင့်နေပြီ ။
      ''ဟင်လို့...ငယ် မီမေးနေတာ မကြားဘူးလား...´´

     လက်ကိုဆွဲခါပြီး ခပ်ချွဲချွဲမေးသံကြားမှ အလွင့်က ပြန်တည်သည် ။

     ''ဟင်...ဘာမေးလိုက်တာလဲ...´´

      ''ငယ်ရော မီ့ကို မလွမ်းဘူးလားလို့...´´
     '' မနေ့က ဖြေပြီးပြီလေ...´´
     နုတ်ခမ်းပါးလေးက မျဥ်းဖြောင့်တစ်ကြောင်းလိုဆန့်တန်းသွားသည် ။လှပြန်ပြီ။
      ''ကပ်စေးကလည်း နည်းလိုက်တာ...ထပ်ဖြေရင် ငရဲကြီးမှာစိုးလို့လား...ဟိုဘက်သွားထိုင်လိုက်မယ်နော်...လွမ်းရတဲ့ မျက်နှာလေးကို တဝကြီး ကြည့်ချင်လို့...´´

       မကစားပါနဲ့လား မီရယ် ။ အညှာမခိုင်တဲ့ သစ်ရွက်လေးက ကြွေလုလု ။မျက်နှာခြင်းဆိုင်ခုံမှာ ဝင်ထိုင်ပြီး ငယ့်ကို ငေးကြည့်နေတဲ့ မျက်ဝန်းတွေကို ငယ်ပြန်ငေးနေမိသည်။ငယ်လည်းသူ့လိုမျိုး လွမ်းလိုက်တာလို့ မောသံလေးနဲ့ တိုးတိုးရွတ်ပြီး သူ့ပခုံးလေးကို ခပ်ဖွဖွ ဖက်ထားချင်လိုက်တာ ။ ဒါပေမဲ့ မဖြစ်သေးပါဘူးလေ ။ အကြည့်ငေးကို ရုပ်သိမ်းပြီး စကားပြောဖို့ အရှိန်ယူရသည် ။ 
  ''ပျောက်သွားတာ အကြာကြီးပဲနော်မီ...ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲဟင်...´´

    ''အခုပြန်ပေါ်လာပြီမလား ငယ်ရဲ့...ဘာတွေလုပ်နေလဲဆိုတော့ လူတစ်ယောက် ထမ်းဆောင်ရမဲ့ တာဝန်တွေဝတ္တရားတွေကို လူပီသအောင် ထမ်းဆောင်နေပါတယ်ပေါ့...ဒီလောက်ပဲ မှတ်ထားပေး...´´
     ငယ် ခေါင်းညိတ်ပြလိုက်သည် ။ ရပါပြီ ။ ငယ့်ကွယ်ရာမှာ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း ရှိခဲ့ကြောင်း ကြည်ကြည်လင်လင် ပြည့်ပြည့်ဖူးဖူး မျက်နှာလေးက သက်သေပြနေသည် ။သူအေးချမ်းပျော်ရွှင်နေခဲ့ကြောင်း သိရရင် ကျေနပ်ပါပြီ။ဒီထက်ပိုပြီးလည်း ငယ်မသိချင်ပါ။
    ထိုနေ့ကစပြီး အကြောင်းပြချက် မျိုးစုံနဲ့ တွေ့ဖို့ချိန်းတဲ့သူက သူဖြစ်ပြီး တောင်းဆိုသမျှကို လိုက်လျောပေးခဲ့ရသူက ငယ်ဖြစ်လေသည် ။

     သူငယ်ချင်း အဆင့်မှာတင် ရပ်နေဖို့ ကြိုးစားနေတဲ့ ငယ်က နေရာကနေ မရွေ့ဖို့ တင်းထားပေမဲ့ တစ်ဖက်သားရဲ့ တရွေ့ရွေ့ ခြေလှမ်းတွေက ငယ်နဲ့ နီးသထက် နီးလာခဲ့သည် ။ နောက်ဆုတ်ဖို့ တွေဝေနေတုန်း ငယ်တို့ ဗြုန်းဆို နီးကပ်သွားကြသည်။

      ''ငယ်...မီလေမနေ့က ညီညီဦးနဲ့ တွေ့သေးတယ်သိလား...ခု သူ ကောင်မလေး ရသွားပြီလေ...ငယ့်ကိုတောင် မေးနေသေးတယ်...´´

      ငယ် ဦးခေါင်းသာ ညိတ်ပြလိုက်သည် ။ စားနေတဲ့ သင်္ဘောသီးထောင်းက ပိုစပ်လာသလိုလို ။

      ''ဒါနဲ့လေ မေးမလို့လုပ်ပြီး မေ့မေ့နေတာ ...ငယ်က ယောကျ်ားလေးတွေကို စိတ်မဝင်စားဘူးဆိုတော့ မိန်းကလေးတွေကို စိတ်ဝင်စားတာလား... ဘယ်လိုမိန်းကလေးမျိုးကို စိတ်ဝင်စားတာလဲဟင်...မမတွေကိုချွဲချင်တာလား...မကြီးတွေကိုမှ ကြွေတာလား...အန်တီတွေနဲ့တွေ့ရင် ရင်ခုန်တတ်သူလား...ညီမလေးတွေ ဆိုးနွဲ့တာခံချင်သူလား...ဘေဘီလေးတွေကိုမှ လက်တွဲချင်တာလား...´´
     သူငယ်ချင်းဆိုပြီး ဇွတ်တိုးလာတဲ့ ကောင်မလေးကိုမှ အနားမှာတစ်သက်လုံးခေါ်ထားချင်သူပါ။ အဲ့ဒီစကားကို နုတ်ကနေ ပြောထွက်ရင် သိပ်ကောင်းမှာပဲ ။ရင်တွင်းစကားတွေ ထွက်ကျလာမှာစိုးလို့ ငယ် ရယ်ချလိုက်ရသည် ။ ငယ်ရယ်တော့ သူ့မျက်နှာ နီရဲလာသည် ။မျက်စောင်းနုနုက  နှလုံးခုန်သံကို အရှိန်မြင့်စေသည် ။
     ''အချစ်ရဲ့သဘောက ဘယ်သူ့ကိုချစ်မယ် ဘယ်လိုပုံစံလေးမှချစ်မယ်လို့ ကြိုသတ်မှတ်ထားလို့ မရဘူး မီရဲ့...´´
      မျက်ခုံးလေးနှစ်ဖက် မြင့်တက်သွားသည် ။ ဇင်ရော်လေးတစ်ကောင် ပျံနေတာကို မြင်လိုက်ရသလိုလို ။အနီးကပ် ဆက်ဆံကြည့်ရင် လူတစ်ယောက်စီတိုင်းမှာ မနှစ်သက်ချင်စရာ အချက်လေးတွေ တစ်ချက်တလေ ရှိတတ်သည် ။ ဒီကောင်မလေးကတော့ ခြွင်းချက်ပေါ့ ။ အပြုအမူ အပြောအဆို အရာရာဟာ ချစ်ခင်နှစ်သက်ဖွယ်ရာ ။
''ဒါဆို လူတစ်ယောက်ကိုချစ်ဖို့ ဘယ်လိုအကြောင်းပြချက်တွေလိုလဲငယ်...ငယ့်ရဲ့စိတ်ကိုသိချင်တာပါ...ငယ့်တကိုယ်တော်သတ်မှတ်ချက်ကို သိချင်တာ...ဥပမာကွာ လူတစ်ယောက်ကို ချစ်မိဖို့ အနေနီးစပ်ဖို့ လိုတယ် ဆိုတာမျိုးပေါ့...´´
     ''ဟင့်အင်းငယ်...အနေနီးစပ်တိုင်းလည်း အချစ်စိတ်မဖြစ်ပါဘူး...ငယ်ပြောသလိုသာ အနေနီးစပ်တိုင်း ချစ်သူဖြစ်ရရင် သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးက ဘယ်ရှိတော့မှာလဲ...´´
     ''ဒါဆို သူငယ်ချင်းဆိုရင် ငယ်က မချစ်ဘူးဆိုတဲ့သဘောလား...´´
    ငယ်ခေါင်းခါပြလိုက်သည် ။
   ''မဟုတ်ပါဘူးမီရယ်...လူတစ်ယောက်ကို ချစ်မိဖို့ကလေ တစ်ခုဘဲလိုတာ...သူ ကိုယ့်နှလုံးသားထဲ ဝင်ခွင့်တောင်းတဲ့ တံခါးခေါက်သံကို ကိုယ်ကြားသိလိုက်ဖို့လိုတယ်...´´
     ''တံခါးခေါက်သံ...ဘယ်လိုမျိုးလဲ...´´
      ''လူတစ်ယောက်က လူတစ်ယောက်ကို ချစ်မိတော့မယ်ဆိုရင် နှလုံးသားထဲ အဲ့လူက ဝင်ခွင့်တောင်းတဲ့ တံခါးခေါက်သံကို ကြားရတတ်တယ် ...အဲ့ဒီတံခါးခေါက်သံက အကြည့်တစ်ချက်ကြောင့် အပြုံးတစ်ပွင့်ကြောင့် စကားတစ်ခွန်းကြောင့် အပြုအမူလေးတစ်ခုကြောင့် အမျိုးမျိုးဖြစ်နိုင်တယ် မီ...အနေနီးစပ်တိုင်းလည်း ရင်ထဲမှာ လှိုက်ခနဲ ခံစားရတာ နှလုံးသားက ဒိတ်ခနဲခုန်လှုပ်သွားမျိုး စတဲ့ နှလုံးသားတံခါးခေါက်သံက ပေါ်ချင်မှ ပေါ်လာတတ်တာမျိုး...´´
    
    လှစ်ခနဲ ပြုံးလိုက်တဲ့အပြုံးတွေ ဖျတ်ခနဲကော့တက်သွားတဲ့ လေးကိုင်းသဏ္ဌာန် နုတ်ခမ်းလေးက ငယ့်နှလုံးသားထဲ ဝင်ခွင့်တောင်းနေတဲ့ တံခါးခေါက်သံတွေပေါ့လို့ သူသိအောင် ပြောပြချင်လိုက်တာ ။
     ငယ့်စကားတွေကို နားထောင်နေရင်း တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးနေတဲ့ မျက်နှာလေးကို ငယ် အတန်ကြာအောင် ငေးနေမိသည် ။ ငယ့်ရင်ထဲမှာ တဒေါက်ဒေါက်တံခါးခေါက်သံတွေ အကျယ်ကြီး မြည်ဟိန်းနေတာ သူ ကြားနိုင်ရင် သိပ်ကောင်းမှာဘဲ ။
~~~~~~~~~~~~~~~~~~
    ''ငယ် မေးစရာရှိလို့...´´
   ''ဘာလဲ...မေးကြည့်လေ...ဖြေနိုင်ရင် ဖြေမယ်...´´
    ''ငယ်ဖြေနိုင်မှာပါ...မေးခွန်းက မခက်ပါဘူး ငယ်...´´
    မေးဆတ်ပြတော့ အတန်ကြာငြိမ်နေသည် ။
     ''မီတို့စတွေ့ကတည်းက ခုချိန်ထိ ငယ်စိတ်ဆိုးတာ စိတ်ကောက်တာ တစ်ခါမှမမြင်ဖူးလို့လေ...ငယ့်ကို ဘယ်လိုပြောဆိုဆက်ဆံမိရင် စိတ်ဆိုးသလဲဆိုတာ သိချင်လို့...´´
   ''အဲ...ဒါခက်တဲ့မေးခွန်းပဲ...´´
     ''ဖြေရမယ်နော်...´´
     ''အာ...ဘယ်လိုကိစ္စတွေက ငယ့်ကိုစိတ်ဆိုးအောင် လုပ်သလဲဆိုတာ သေချာမပြောပြတတ်ဘူး...စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ဘယ်ကိစ္စဆိုရင် ငါကစိတ်ဆိုးပစ်လိုက်မယ်လို့ ကြိုသတ်မှတ်ထားလို့မှ မရတာမီရယ်...မီ့မေးခွန်းကတကယ်ခက်တာပါဆို...မဖြေနိုင်ဘူး...´´
    ''ဥပမာကွာ မီဆိုရင် မီ့ကို စနောက်တာ လွန်ရင် စိတ်အခန့်မသင့်ချိန်ဆိုရင် အရမ်းစိတ်ဆိုးတာ...အဲ့လိုပေါ့...ငယ့်မှာရော ငါ့ကိုတစ်ခုခုလုပ်ရင် စိတ်ဆိုးတယ်ဆိုတာမျိုး မရှိဘူးလား...´´
  ငယ်ခေါင်းခါပြလိုက်သည် ။
     ''ကြိုမပြောတတ်တာ မီရယ်...´´
     ''ဒါဆို ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်ရင်ရော စိတ်မဆိုးဘူးလား...ဥပမာ ခြေထောက်ကို တက်နင်းမိတာတို့...ပခုံးခြင်း အရှိန်ပြင်းပြင်းတိုက်မိတာတို့ပေါ့...´´
    ''မတော်တဆဖြစ်တာမျိုးဆိုရင် စိတ်မဆိုးပါဘူးမီရယ်...´´
''မတော်တဆမဟုတ်ဘဲ တမင်သက်သက်ရည်ရွယ်ပြီး နာကျင်အောင် လုပ်မိရင်ရော စိတ်ဆိုးမှာလား...´´
     မီကသာ ငယ့်ကိုနာကျင်အောင်လုပ်ရင် ငယ် စိတ်ဆိုးဖြစ်ပါ့မလား မသေချာ။
    ''ကြုံလာမှ ဖြေလို့ရမဲ့မေးခွန်းအတွက် ငယ့်မှာအဖြေမရှိဘူးလို့ ပြောပါရစေ မီ...´´
     ငယ့်မျက်ဝန်းတွေထဲမှာ အဖြေရှာသလို ခပ်စိုက်စိုက်ကြည့်နေတဲ့ အကြည့်တွေကို တန်ပြန်ငေးရင်း ငယ့်စိတ်ထဲမှာ ရနံ့တစ်ခုရနေသည် ။ မျက်ရည်နံ့လား ။
      ~~~~~~~~~~~~~~~~~~
       ''အချစ်နဲ့ ချောင်းဆိုးခြင်းက မြိုသိပ်ထားလို့မရဘူးဆိုတဲ့စကားကို အခုတော့ မီမယုံတော့ဘူးသိလား...´´
     စကားလမ်းကြောင်း ဦးတည်ရာအရပ်ကို  ရိပ်မိပေမဲ့ ဟန်ဆောင်ခြင်း အတတ်ကို ငယ် အနည်းငယ် ကျွမ်းကျင်ပါသည် ။

     ''ဘာဖြစ်လို့လဲ မီ...´´

အဲ့ဒီမေးခွန်းက ကိုယ့်ကိုယ်ကိုယ် ချောက်ထဲတွန်းချလိုက်မှန်း မေးပြီးမှ ရိပ်မိတော့သည် ။ မကြားသလို နေလိုက်ရမှာကို ။

      ''ဪ တချို့ တချို့ကို အံ့သြလို့ပါ...လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အပြစ်မှ မဟုတ်တာကို ဘာလို့များဟန်ဆောင် မြိုသိပ်ထားလဲ မသိပါဘူး...ဒါပေမဲ့လေ နုတ်ကနေ ဖွင့်ဟမပြောပေမဲ့ မျက်လုံးတွေကတော့ လိမ်လို့မရဘူးဆိုတာ သူမေ့နေတယ်ထင်တယ်...´´

       ကမန်းကတန်းမျက်လွှာချလိုက်တဲ့ ငယ့်ကိုကြည့်ပြီး သူရယ်နေသည် ။ သေလိုက်ပါတော့ ငယ်ရယ် ။ သတိလက်လွတ်နဲ့ ။

       ''ကဲ ဘယ်လိုလဲ...တစ်ဖက်လူက ရိပ်မိနေမှကို  ဆက်ပြီး ဟန်ဆောင်နေဦးမလို့လားငယ် ...´´
   ခြေစုံရပ်နေတဲ့သူဆီ အလောတကြီးတိုးကပ်လာတဲ့ခြေလှမ်းတွေ ။ နောက်ဆုတ်ပစ်လိုက်ဖို့ ဦးဏှောက်က သတိပေးနေပေမဲ့ နှလုံးသားက တင်းခံနေသည် ။ ရင်ထဲမှာတံခါးခေါက်သံတွေ ဆူညံနေပြီ ။
     ''မပြောဘဲလည်း သိနေတဲ့ စကားတွေဆိုရင် ဖွင့်မပြောလိုက်တာကပိုပြီး အဓိပ္ပါယ်လေးနက်မယ်ထင်တယ် မီ...´´
     ''ဟင့်အင်း မီကတော့ အဲ့လိုမထင်ပါဘူး...ဘယ်လိုဆက်ဆံရေးမျိုးဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပွင့်လင်းကြတာက အကောင်းဆုံးပဲ ငယ်ရယ်...မြိုသိပ်နေရင် မလိုလားအပ်တာတွေဖြစ်လာတတ်တယ်...´´
    ဒီကောင်မလေးကတော့ ဇွတ်  ကွယ်။
''ရွက်ပုန်းသီးက ပိုချိုတယ်ဆိုတာ ငယ်မကြားဖူးဘူးလား...´´
   
      ''ဒါပေမဲ့ ခူးခံရဖို့ ကိုယ်ထင်မပြရင် သူ့အလိုလိုကြွေကျပြီး ပုပ်သိုးသွားမှာပေါ့ငယ်ရယ်...´´

    ငယ်ထိန်းမထားနိုင်ဘဲ လွှတ်ခနဲ ရယ်ချလိုက်တော့ မျက်စောင်းလှလှလေးကိုရသည် ။
     ''အတည်ပြောနေတာကို...ဘာလို့ရယ်တာလဲ...´´

    '' ချစ်လို့.... ပြောလိုက်ပုံလေးက ချစ်ဖို့ကောင်းလွန်းလို့...´´

    အဲ။ သွားပါပြီ ။ ငယ် နုတ်ခမ်းကို လက်နဲ့အတင်းပိတ်လိုက်ပေမဲ့ စကားလုံးတွေကတော့ ကျွံထွက်သွားခဲ့ပြီ။  ငေးခနဲ စိုက်ကြည့်လာတဲ့ မျက်ဝန်းအစုံကို ငယ် ရင်ဆိုင်မကြည့်ရဲပါ ။ ရှက်စိတ်က ငယ့်မျက်လွှာတံခါးကို အတင်းတွန်းပိတ်နေသည် ။ ပါးပြင်က သာမန်ထက်ပိုနီနေမှာ သေချာသည် ။

    ''ငယ်ရယ်...ရှင်ကလေ သိပ်ဖြူစင်တာဘဲ...ဟုတ်တယ်...ခုချိန်ထိ မီသိတဲ့ရှင်က ဖြူဖြူစင်စင်လေးပါလားကွယ်...´´

    ခပ်အက်အက်စကားသံမှာ ဝမ်းနည်းရိပ်တွေ လွှမ်းနေသည် ။ သူဘာကို ဝမ်းနည်းစိတ်မကောင်းဖြစ်သွားပါလိမ့်။ ငယ် မသိပါ။   

      ''အဖြေလိုချင်သလားငယ်...´´

     ''ဟင့်အင်း...´´

    '' ဘာလို့လဲငယ်ရဲ့...အမေးရှိရင် အဖြေရှိတယ်လေ...´´

     ''ဟင့်အင်းမီ...ငယ် မမေးဘူးနော်...အခုက ငယ့်စိတ်ထဲက ခံစားချက်ကို ထုတ်ပြလိုက်မိယုံသက်သက်ပဲလေ...မီ့ဆီကအဖြေကို တို့မမျော်လင့်ဘူး...အမေးမရှိတဲ့အတွက် အဖြေဆိုတာလည်း မလိုအပ်ဘူးမီ...´´

    တကယ်က ငယ်ကြောက်တာ။ ငယ်ကြောက်နေတာပါ ။ ခပ်ဖွဖွရယ်သံကိုကြားရပေမဲ့ မျက်ဝန်းပေါ်ကို ပိကျနေတဲ့ မျက်ခွံက ပင့်တင်ဖို့အတွက် လေးလံလွန်းနေသည် ။

      ''တချို့ကိစ္စတွေမှာက မေးခွန်းမလာခင်ကတည်းက အဖြေရှိပြီးသားဆိုရင်ရော ငယ်...´´

    ငယ်ဘာစကားမှ ပြန်မပြောဖြစ်ပါ ။ အဲ့ဒီရှိပြီးသား အဖြေကို ကြိုသိသလိုလိုရှိနေလို့ နေရာမှာတင် ခြေစုံရပ်နေတာပေါ့ဟု စိတ်ထဲကနေ အကျယ်ကြီး အော်ပြောနေပေမဲ့ လက်တွေ့မှာ နုတ်ခမ်းကို ခပ်တင်းတင်းသာ စေ့ထားလိုက်မိသည် ။ ငယ့်အာရုံထဲမှာ တသည်းသည်းရွာနေတဲ့ မိုးစက်တွေကြားကနေ ကားတံခါးကိုဆွဲဖွင့်ပြီး ကားထဲ ဖျတ်ခနဲ ဝင်ထိုင်လိုက်တဲ့ ပုံရိပ်လေးကို ထပ်တလဲလဲမြင်ယောင်နေသည် ။

************

     ''သူ့ကိုသိတယ်မလား သက်တန့်ငယ်...´´

     ငယ့်ရှေ့က စားပွဲပေါ်ကို ဖျတ်ခနဲ ကျလာတဲ့ ဓာတ်ပုံတစ်ပုံ ။ ဓာတ်ပုံကို လက်နဲ့ကောက်မယူဘဲ ဒီတိုင်း ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းပြီးသာ ကြည့်လိုက်သည်  ။

     မတွေ့ရတာ ကြာပြီဖြစ်တဲ့ လူတစ်ယောက်က ဓာတ်ပုံထဲကနေ ငယ့်ကိုကြည့်နေသည် ။ ဓာတ်ပုံထဲမှာက တည်ငြိမ်ရင့်ကျက်နေတဲ့ မျက်နှာကလေးနဲ့ ။ မပြုံး၏သို့ ပြုံး၏သို့ နုတ်ခမ်းကလေးနဲ့ ။အမြဲသတိရနေတဲ့သူ ။ ဘဝမှာ တစ်ခါလောက်လေးဖြစ်ဖြစ် ပြန်ဆုံချင်သူ ။အနည်းငယ် တုန်နေတဲ့လက်နဲ့  ငယ် ဓာတ်ပုံကို အသာအယာကောက်ယူလိုက်သည် ။

     ''ရွယ်ရွယ်...ရည်ရွယ်...ရည်ရွယ်က ဒီလိုပုံစံလေး ဖြစ်နေပြီပေါ့...တို့သိပ်သိချင်နေခဲ့တာ...အခုချိန်ဆို ရည်ရွယ်ဘယ်လိုပုံစံလေး ဖြစ်နေမလဲ ဆိုပြီးတော့လေ...´´

    ''သူကလည်း ရှင့်ကို ဘယ်တော့မှ ပြန်မတွေ့ချင်ပေမဲ့ ခုချိန်မှာ ရှင် ဘယ်လိုပုံစံလေး ဖြစ်နေမလဲဆိုတာ သိချင်နေတယ်...´´

    ငယ် ခေါင်းညိတ်ပြလိုက်သည် ။ ဟုတ်မှာပါ။ သူ ငယ့်ကို ဘယ်ပြန်ဆုံချင်တော့မလဲ။

    ''ကျွန်မလည်း သိချင်ခဲ့တယ်...ရှင်က ဘယ်လိုပုံစံလဲ...ဘယ်လိုလူမျိုးလဲ...ဘယ်လိုစိတ်ထားမျိုးရှိသလဲ...ကျွန်မရဲ့ အစ်မ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရလောက်အောင်အထိ ရှင်သူ့ကို ဘယ်လိုနာကျင်မှုတွေ ပေးခဲ့သလဲ...ကျွန်မသိပ်သိချင်ခဲ့တယ်...´´

   ငယ့်လက်ထဲက ဓာတ်ပုံလေးက တဆတ်ဆတ်ခါလာသည် ။ သူ့ကိုဖျတ်ခနဲလှမ်းကြည့်တော့ စူးရဲတဲ့ အကြည့်တွေနဲ့ ငယ့်ကိုစိုက်ကြည့်နေတာ မြင်ရသည် ။

     ''အ...အစ်မ...ရွယ်ရွယ်က မီ့ရဲ့အစ်မဟုတ်လား...တို့သိတဲ့  ရွယ်ရွယ်မှာ ညီမမရှိပါဘူး...သူကအိမ်မှာ အငယ်ဆုံးလေး...´´

     ''ဝမ်းကွဲအစ်မလေ...အသက်သိပ်မကွာတာရော သူရော ကိုယ်ရောက အငယ်ဆုံးတွေဆိုတော့ ညီအစ်မအရင်းတွေလို ရင်းနှီးကြတယ် ချစ်ကြတယ်...´´

     ငယ် ငြိမ်နေမိသည် ။လက်ထဲက ဓာတ်ပုံကိုငုံ့စိုက်ကြည့်နေရာက  အကြည့်ကို ဟိုးအဝေးသို့ ပို့လိုက်သည် ။ အတိတ်ကိုလည်းမြင်သည် ။ အနာဂတ်ကိုလည်း ကြိုမြင်နေပါပြီ။

    ''ငါ့အစ်မက နာကျင်နေရသလောက် နင် ပျော်နေသလား...ငါ့အစ်မ နောင်တတွေနဲ့ ရှင်သန်နေရသလောက် နင်ရော အတိတ်ကိုမေ့နေသလား...ငါ့အစ်မ ပတ်ဝန်းကျင်မှာ ခေါင်းမဖော်နိုင်အောင် အနေကျုံ့နေရပေမဲ့ နင်ကတော့ ခေါင်းမော့ရယ်မောနေနိုင်သလား ... ငါသိပ်သိချင်တာ...´´

     ရုတ်တရက် ပြောင်းသွားတဲ့ နင်နဲ့ ငါ ဆိုတဲ့အသုံးကြောင့် ငယ် သူ့မျက်နှာကို လျှပ်ခနဲ ကြည့်လိုက်မိသည် ။ သူ့မျက်နှာမှာ ဒေါသမရှိ ၊ ရန်လိုရိပ်မရှိ ၊ မုန်းတီရွံ့ရှာခြင်းတွေမရှိ ။ ပကတိတည်ကြည်နေသည် ။ အသံမှာ ဒေါသငွေ့ သမ်းနေပေမဲ့ မျက်နှာမှာ ဘာအရိပ်မှ မပေါ်အောင် သူ ထိန်းချုပ်တတ်သား ။
     ''သူ...သူအခု ဘယ်မှာလဲဟင်...´´

      ''ငါတို့နဲ့ သိပ်မဝေးတဲ့ နေရာတစ်ခု...သူ့မိဘတွေရဲ့အဝေး...ဆွေရိပ်မျိုးရိပ်ဝေးတဲ့နေရာမှာ သူ့သမီးလေးနဲ့အတူတူရှိနေတယ်...´´

    ''ဟင်...သမီး...သမီးနဲ့ဟုတ်လား...ရွယ်က သမီးလေးရှိသွားတာလား...မွေးစားတာ...´´

    ''သူ့သမီးအရင်း...သူ ဝမ်းနဲ့လွယ်ပြီး မွေးထုတ်လိုက်တဲ့ သူ့သမီးအရင်းခေါက်ခေါက်...သမီးလေးရဲ့ အဖေနဲ့က သမီးမမွေးခင်ကတည်းကကွဲပြီ...ဒါတွေအားလုံးက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့လို့ ရလာတဲ့ နောက်ဆက်တွဲရလဒ်တွေ...အေး သူ့ဘဝကိုသူ လက်လွှတ်လိုက်ဖို့ ကြိုးစားခဲ့တာနင့်ကြောင့်တဲ့ သက်တန့်ငယ်ရဲ့...နင့်ကြောင့်...´´

   ''ငယ့်ကြောင့် ဟုတ်လား...သူအိမ်ထောင်ကျတာရော...ကလေးမွေးတာရော...အိမ်ထောင်ကွဲတာရော အားလုံးငယ် ခုမှသိတာ...´´
''ပျော်စရာအကြောင်းတွေမှမပါပဲ...ဘယ်အချိန်မှ သိသိ အရေးမကြီးပါဘူး...ပြောစမ်းပါဦး နင် ငါ့အစ်မကို ဘာလုပ်လိုက်လဲ...ဘယ်လောက်ထိ စိတ်ဒဏ်ရာတွေ ပေးလိုက်လို့ ရည်မှန်းချက်ကြီးပြီး ပျော်ပျော်နေတတ်တဲ့ ငါ့အစ်မက သူ့ဘဝကိုသူ စွန့်လွှတ်ဖို့ ကြိုးစားရတာလဲ...ပြောစမ်းပါ...  ´´
     ခပ်ဆတ်ဆတ်အော်သံက အအေးဆိုင်ရဲ့ လေထုထဲ လွင့်ဝဲသွားသည်။ မျက်နှာထားကတည်တင်းသည် ။ လေသံက မာကျောခက်ထန်သည် ။ အကြည့်တွေက ပူပြင်းစူးရှနေသည် ။ မဟုတ်ဘူး ။ ငယ့်ရှေ့က ကောင်မလေးက ငယ်သိခဲ့တဲ့ မေမီမင်းမဟုတ်တော့ဘူး ။

   ''ဖြေလေ သက်တန့်ငယ်...´´

     ''တစ်နေရာရာသွားရအောင်လား မီ...ဆိုင်ထဲမှာဆို ပြောရအဆင်မပြေဘူးလေ...´´

    ငယ့်စကားဆုံးတာနဲ့ ထိုင်နေရာကနေ ဆတ်ခနဲထပြီး ဆိုင်အပြင်ထွက်သွားလိုက်တာ။ သိပ်စိတ်ကြီးတဲ့ကောင်မလေး။

     သစ်ပင်ရိပ်နဲ့ ခုံတန်းကလေးရှိတဲ့ တစ်နေရာသို့ သူ့ကို ငယ်ခေါ်သွားလိုက်သည် ။ ငယ် ဘယ်တော့မှ ပြန်မရောက်ချင်တဲ့နေရာ ။ ဘယ်တော့မှ နောက်ထပ်မလာတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့နေရာ ။

     ''ဒီနေရာမှာ တို့ကို သူဖွင့်ပြောခဲ့တာ မီ...တို့ကို သိပ်ချစ်ကြောင်း သူဖွင့်ပြောခဲ့ချိန်တုန်းက ဟောဒီခုံတန်းလေးပေါ်မှာ တို့ ထိုင်နေပြီး ရွယ်က အခု မီရပ်နေတဲ့နေရာမှာ အခုလိုဘဲ တို့ကို ကျောခိုင်းပြီး ရပ်နေခဲ့တာ...´´

    ဆတ်ခနဲ လှည့်ကြည့်လာတဲ့ မျက်ဝန်းမှာ ရန်လိုရိပ်ကို ထင်ထင်ရှားရှားမြင်ရသည် ။ ဘာမှတော့မပြော။ ငယ်သာ ပြောလက်စကို ရှေ့ဆက်ဖြစ်သည် ။ 

     ''ရွယ်နဲ့တို့က စိတ်တူကိုယ်တူ သူငယ်ချင်းတွေ...တကဲ့ကို ရှားရှားပါးပါးသူငယ်ချင်းလို့ ပြောရမယ်...သူနဲ့တို့က ယောကျ်ားလေးတွေကို စိတ်မဝင်စားတာချင်းတူတယ်...အလှကြိုက်တာခြင်းလည်းတူတယ်...ကိုယ့်ဖြစ်တည်မှုကို သူများသိမှာစိုးလို့ လျှို့လျှို့ဝှက်ဝှက်နေကြတာခြင်းလည်း တူတယ်...မိန်းကလေးတွေကို သူမသိကြိတ်ပိုး ချောချောလှလှမြင်ရင် မသိမသာ ငမ်းကြတာခြင်းလည်းတူတယ်...တို့အတွက်တော့ သူက တကဲ့ကို နှစ်ယောက်မရှိတဲ့ သူငယ်ချင်းပါ...အဲ့ဒီအရွယ်တုန်းကတော့ သူ့မှာရော တို့မှာပါ တခြားသူငယ်ချင်းတွေရှိတယ်...´´

     ငယ့်စကားကို သူ နားထောင်နေရဲ့လားလို့ အကဲခတ်ချင်လို့ စကားဖြတ်ပြီး သူ့ကျောပြင်ကို လှမ်းကြည့်ရသည် ။

     ''ဆက်ပြောလေ...´´

    ''သူက စာသိပ်တော်တယ်...တို့က အလယ်အလတ်ပေါ့...ရှစ်တန်းလောက်မှာ တို့ကကျောင်းစာကလွဲပြီး တခြားစာတွေကို စိတ်ဝင်စားပြီး ဖတ်စပြုနေပြီ...ဆယ်တန်းရောက်တော့ သူက တို့ကို ဖိအားပေးတယ် ...သူက ဆေးတက္ကသိုလ်တက်ချင်တာ...တို့ကို သူနဲ့အတူ ဆေးတက္ကသိုလ်တက်ရအောင် ကြိုးစားဖို့ အမြဲတွန်းတယ်...စာအတူခေါ်ကျက်တယ်...မသိတာရှင်းပြတယ်...ဆယ်တန်းနှစ်ဝက်လောက်မှာ သူ့အိမ်မှာ တို့ကိုခေါ်ထားတယ်...အတူအိပ် အတူစားနဲ့ တို့တွေ အရင်ကထက် ပိုရင်းနှီးလာကြတာပေါ့...´´

    ကျောခိုင်းထားရာကနေ သူ ငယ့်ကို ခပ်ဖြည်းဖြည်းလှည့်ကြည့်သည် ။ ကြည့်နေရင်း စူးလက်နေတဲ့ အကြည့်တို့ တဖြည်းဖြည်းအရောင်ဖျော့လာသည်။ထို မှိန်ဖျော့ဖျော့ မျက်ဝန်းက အရောင်ကို ငယ် အဓိပ္ပါယ်မဖော်တတ်ပါ။သူ့မျက်ဝန်းကို တန်ပြန်ငေးရင်း ငယ် စကားဆက်ရသည်။

    ''ဆယ်တန်းဖြေပြီးတော့ သူက ညနေပိုင်း ရုပ်ရှင်သွားကြည့်ဖို့ချိန်းတယ်...တို့ကပင်ပန်းပြီး နားချင်နေလို့ မလိုက်တော့ဘူးလို့ ငြင်းတယ်...ရုပ်ရှင်မကြည့်ချင်ရင်လည်း  စိတ်အေးလက်အေး ထိုင်ရမဲ့နေရာတစ်ခုကို သွားဖို့ပြောကြတော့
ဒီနေရာကို ရောက်လာကြတယ်လေ...အခု မီ ရပ်နေသလိုဘဲ ရွယ်ကတို့ကိုကျောခိုင်းပြီး ချစ်တဲ့အကြောင်းကိုဖွင့်ပြောခဲ့တယ်...´´
   ငယ့်စကားကို စိတ်ဝင်တစား နားထောင်နေပုံကို ကြည့်ရတာ သူ ဒီအကြောင်းတွေကို သေချာသိပုံမပေါ်။   

     ''တို့သိပ်အံသြသွားတာပေါ့...ဘယ်လိုဘဲ မိန်းကလေးမှ စိတ်ဝင်စားတယ်ဆိုဆို သူ့ကိုတော့ သူငယ်ချင်းလို ညီအစ်မ တွေလိုထက် ပိုလို့မရဘူး...တို့ မလိမ်ခဲ့ပါဘူး...ပွင့်ပွင့်လင်းလင်းဘဲ မချစ်နိုင်ကြောင်း တစ်ခါတည်း ငြင်းလိုက်တယ်...´´
      *ဘာလို့ ငါ့ကိုမချစ်နိုင်တာလဲငယ်...ငါက နင့်အကြိုက်ပုံစံမဟုတ်ဘူးလား... ငါက မလှလို့လား...*
       အတိတ်ကစကားသံတွေကို နားထဲမှာ ပြတ်ပြတ်သားသားပြန်ကြားယောင်သည်။
*နင်က ငါ့အတွက် သူငယ်ချင်းဆိုတာထက် ညီအစ်မလို ရင်းနှီးချစ်ခင်ရသူပါ...ငါနင့်အပေါ်မှာ မရိုးသားတဲ့စိတ် တစ်ခါမှမဖြစ်ဖူးဘူး ရွယ်...*

*ငါ့အပေါ်ရိုးသားတဲ့ နင့်ကို ငါကတိတ်တခိုးချစ်နေ စွဲလန်းနေတာဆိုတော့ ငါက မရိုးသားသူပေါ့...နင့်အပေါ်ချစ်တဲ့စိတ်နဲ့ အမြဲပစ်မှားနေတဲ့ငါက လူဆိုးမပေါ့ လူယုတ်မာမပေါ့ ဟုတ်လားငယ်...*

''အဲ့ဒီနေ့က အဖြစ်အပျက်ကို တို့ဒီနေ့အထိ မေ့မရခဲ့ဘူး...ပြန်တွေးတိုင်း ပြန်ပေါ်လာတာဘဲ...သိပ်ကိုခံပြင်းရှက်ရွံသွားတဲ့အရိပ်တွေ သူ့မျက်နှာပေါ်မှာ ပေါ်နေတာ...တို့ရှေ့တည့်တည့်မှာ လာရပ်ပြီး တို့ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ထွက်ပြေးသွားလိုက်တာ...အဲ့နေ့ကတည်းက ဒီနေ့ဒီအချိန်ထိ သူနဲ့တို့ ပြန်မဆုံကြတော့ဘူးလေ...´´

     ''သူ Suicide လုပ်တာရော သိလား...´´

     ငယ် ခေါင်းညိတ်ပြလိုက်သည်။

    '' တစ်လကျော်ကျော်ကြာတော့မှ သိရတာ...အိပ်ဆေးတွေ သောက်ချပစ်ပေမဲ့ ဆေးရုံရောက်စောလို့ အသက်ချမ်းသာရခဲ့တယ် ဆိုတာကိုလေ...သူ့အိမ်ကသူ့ကို အဝေးတစ်နေရာကို ပို့ထားမယ်လို့ကြားလို့ သူ့အိမ်လိုက်သွားတာ အိမ်ရိပ်တောင် လာမနင်းနဲ့လို့ သူ့အမေက ခါးခါးသီးသီးမောင်းထုတ်ခဲ့တယ်...အဲ့ဒီနောက်တော့ သူနဲ့တို့ လုံးဝ အဆက်အသွယ် မရတော့တာ ဒီနေ့အထိပါပဲ...´´

    ''ရှင်ရော ဆေးတက္ကသိုလ် ဝင်လား...´´

    ငယ်ခေါင်းခါပြလိုက်သည် ။

     ''မဝင်ပါဘူး...တို့တူးဒီဘဲ ပါတယ်လေ...ရွယ်ကတော့ အောလ်ဒီထွက်တယ်...´´

    သူက ငယ့်ကို ငေးကြည့်နေရာက ငယ့်ဘေးမှာ လာဝင်ထိုင်သည်။ ပြီးတော့ အကြည့်ကို ခပ်လှမ်းလှမ်းကိုပို့ထားသည် ။ နွေနေအရှိန်ကြောင့် လမ်းပေါ်မှာ တံလျှပ်တွေ တလက်လက်တောက်ပနေကြသည် ။

   '' ရှင်တက္ကသိုလ် ဆက်တက်ခဲ့လား သက်တန့်ငယ်...´´

   '' တက်ပါတယ်...ရိုးရိုးမေဂျာဘဲတက်ဖြစ်သွားတယ်...´´

    ''ရွယ်ကတော့ တက္ကသိုလ် ဆက်မတက်ဖြစ်ခဲ့ဘူး... သူ့အိမ်က သူထပ်ပြီး မဟုတ်တာတွေ ကြံစည်မှာ စိုးလို့ရော ရှင်နဲ့ပြန် အဆက်အသွယ် ရမှာစိုးလို့ရော သူ့ကို အိမ်ထောင်ပြုပေးလိုက်ကြတယ်...´´

   '' အို...´´

     ''အိမ်ထောင်ရှင်မက မိန်းမတစ်ယောက် ဆီကို စိတ်ရောက်နေတော့ သူတို့အိမ်ထောင်ရေးက ဘယ်သာယာမလဲ...သူ့လူက သူ့သတင်းတွေကြားပြီး အိမ်ထောင်သက် ခြောက်လလောက်အကြာမှာ သူတို့ကွာရှင်းလိုက်ကြတယ်...ကံဆိုးချင်တော့ သူ့မှာကိုယ်ဝန်ကျန်ခဲ့တယ်...သူက ကိုယ်ဝန်အကြောင်း ငါ့တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ အသိမခံခဲ့ဘူးလေ...မီးဖွားခါနီးမှ သိကြတာ...သမီးလေးမွေးပြီးတာနဲ့ စင်္ကာပူမှာ ကျောင်းတက်မယ်ဆိုပြီး ထွက်သွားလိုက်တာ ဒီနေ့အထိ မြန်မာ့မြေကို ပြန်မနင်းတော့ဘူး...´´

    ငယ်ဦးခေါင်းငိုက်စိုက်ချပြီး မြေပြင်ကိုသာငေးကြည့်နေမိသည် ။

    '' ငါနဲ့ရွယ်က အဆက်အသွယ်မပြတ်ကြပါဘူး...အွန်လိုင်းတွေ သုံးရအဆင်ပြေလာတော့ သူနဲ့ ငါ အွန်လိုင်းမှာ မကြာမကြာ တွေ့ရာကနေခုနောက်ပိုင်းတော့ နေ့တိုင်းတွေ့ဖြစ်တယ်ပေါ့...´´

     ငယ်ခေါင်းသာညိတ်ပြလိုက်သည်။

     ''ပြဿနာ ရဲ့ ဇာစ်မြစ်က ရှင်ဘဲ... ရှင့်ကြောင့် ရွယ်ရွယ် အရှက်ကွဲပြီး သူ့အသက်အန္တရာယ်ပါ သူရန်ရှာခဲ့တယ်...မိသားစု နဲ့လည်း ရှင်ကွဲကွဲခဲ့ရတယ်...မချစ်မနှစ်သက်သူနဲ့လည်း လက်ထပ်ခဲ့ရတယ်...သမီးလေးတစ်ယောက်ပိုက်ပြီး ဒုက္ခပင်လယ်ဝေခဲ့ရတယ်...ဒါပေမယ့် သူကနင့်ကို ဒီနေ့ထိမမေ့ဘူး သိလား...ငါနဲ့စကားပြောတိုင်း နင့်အကြောင်းက မပါမဖြစ်ဘဲ...´´

    နင်နဲ့ငါနဲ့အသုံးက ငယ့်ကို သိမ်ငယ်စေသလိုခံစားရသည် ။ စိုက်ချထားတဲ့ ဦးခေါင်းကို ပြန်မမော့နိုင် ။

    ''နင် သူနဲ့ပြန်ဆက်သွယ်ချင်လား သက်တန့်ငယ်...´´

    ကိုယ့်ကိုအခုထိ မမေ့သေးဘူးဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဘယ်လိုစိတ်နဲ့များ ငယ် အဆက်အသွယ်လုပ်ရပါ့မလဲ ။ ဘယ်လိုဘဲတွေးတွေး ငယ်မှသူ့ကို သူငယ်ချင်းထက် မပိုနိုင်တာလေ။ ငယ်ဦးခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည် ။

     ''ပြန်မဆက်သွယ်ချင်ပါဘူး မီ...ပြန်ဆက်သွယ်ရင်လည်း တို့ဘက်က ဘာမှပြောင်းလဲလာမှာ မဟုတ်လို့ပါ...သူ့ဘဝလေးနဲ့သူ နေသားတကျရှိပါစေတော့...´´

     ''ငါဖြစ်စေချင်တာလည်း အဲ့လိုဘဲ သက်တန့်ငယ်...နင့်အဖြေအတွက် ငါ ကျေးဇူးတင်ပါတယ်...´´

    မီ့အဖြေအတွက်တော့ တို့ မီ့ကို ကျေးဇူးမတင်ပါဘူးဆိုတဲ့စကားကို စိတ်ထဲကသာ ရေရွတ်လိုက်သည် ။

    ''မီသိချင်တာတစ်ခု မေးလို့ရမလား သက်တန့်ငယ်...´´

     ''မေးပါ...ဖြေနိုင်ရင် ဖြေမယ်လေ...´´

    ''ဘာလို့ သူငယ်ချင်းအသစ် ထပ်မထားတာလဲ...သူငယ်ချင်းအဟောင်းတွေနဲ့ရော အဆက်အသွယ် ပြတ်ကုန်တာလား တမင်ဖြတ်ပစ်တာလား...´´

    ''သူငယ်ချင်းအဟောင်းတွေနဲ့က သွားတဲ့လမ်းမတူလို့ တဖြည်းဖြည်း  ဝေးသွားကြတယ် ဆိုပါတော့...သူငယ်ချင်းအသစ်မထားတာကတော့ ဘယ်သူ့ကိုမှ မနှောင်ဖွဲ့ချင်တော့လို့ပါ...´´

     ''မီနဲ့ ရှေ့ဆက်ပြီး သူငယ်ချင်း တော်ကြမလား ငယ်...´´

     ငယ်ခေါင်းခါလိုက်သည် ။

   ''တို့ကသူငယ်ချင်းလို ခင်ပြီးရင် ချစ်သူလို မချစ်တတ်ဘူး...အဲ့လိုဘဲ ချစ်သူလို ချစ်မိသွားတဲ့ လူတစ်ယောက်ကို သူငယ်ချင်းလို သဘောထားဖို့ ခက်တယ်လေ...´´

     ငယ်တို့ကြားမှာ အသံတွေ တိတ်ဆိတ်သွားသည် ။ တော်တော်ကြာမှ သူက ခပ်တိုးတိုးရေရွတ်သည် ။

     ''မီက မကြာခင် လက်ထပ်တော့မှာ...အိမ်ကသဘောတူထားတဲ့ မီ့ကောင်လေးက မီတို့မြို့ကပဲ...ရွယ့်အမေ မီ့အဒေါ်က သိပ်နေမကောင်းလို့ ရွယ်ကအကူအညီတောင်းတာနဲ့ဒီမှာခဏလာနေဖြစ်တာ...´´

     သူက စကားကို သံရှည်ဆွဲပြီး ဖြတ်ချလိုက်ပေမဲ့ ဆက်မပြောတဲ့စကားတွေကို ငယ်ကြားလိုက်ပါသည် ။

     ''လူတစ်ယောက်အကြောင်းကို သေချာမသိဘဲ သတင်းကြားယုံနဲ့ အကဲဖြတ်တတ်တဲ့ လူတွေကြားထဲ မီမပါတာ တို့ကျေးဇူးတင်ပါတယ်...အခု ငယ်နဲ့အနီးကပ် နေကြည့်ပြီးပြီဆိုတော့ မီ ငယ့်ကို ဘယ်လိုမြင်လဲဟင်...´´

    '' ဝေးလွန်းရင် မမြင်သလို နီးလွန်းရင်လည်း မမြင်ဘူးတဲ့ငယ်...ငယ် ဘယ်လိုလူလဲဆိုတာ မီ မသိပါဘူး...´´

     ''မသိရင် မှတ်ထားပေါ့ မီ...တို့က စောင့်ရတာကို ကြိုက်တဲ့လူပါ...တို့ဆီကို လာမယ်လို့ သေချာတဲ့လူတွေကို အချိန်ဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ်...´´

     သူက ပင့်သက်ခပ်ကြမ်းကြမ်းချပြီး ငယ့် လက်မောင်းတစ်ဖက်ကို အသာအယာရိုက်သည် ။

     ''ရှင်သိလျက်နဲ့ ငယ်ရယ်...တွေ့ဆုံချိန်ဆိုတာ ရှိခဲ့လို့ ခွဲခွာခြင်းဆိုတာ ဖြစ်လာရတာ...ငယ်နဲ့အတူရှိခဲ့တဲ့အချိန်တွေအတွင်း တို့ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ စိတ်ချမ်းမြေ့မှုကို ရခဲ့တယ်...အဲ့ဒီအတွက် ငယ့်ကိုမီသိပ်ကျေးဇူးတင်ပါတယ်...အခုတော့ မီတို့ခွဲရမဲ့အချိန်ကို ရောက်လာပြီလေ...နုတ်ဆက်ခဲ့ပါတယ်ငယ်...ပျော်အောင်နေပါနော်...´´

    ပြောပြီးတာနဲ့ သူ ငယ့်ကို ကျောခိုင်းပြီး ငယ့်ဘေးကနေ ပြေးထွက်သွားခဲ့သည် ။  ငယ်က ငယ့်နားရောက်လာတဲ့ သူတွေရဲ့ နောက်ကျောပြင်လေးတွေကိုဘဲ ငေးကြည့်ရမဲ့ကံနဲ့ မွေးဖွားလာတယ် ထင်ပါရဲ့။

    ~~~~~~~~~~~~

     မိုးရွာတယ် ၊ နေပူတယ်၊ နှင်းကျတယ်၊ မှောင်တယ် ၊လင်းတယ်၊ ရွက်ဟောင်းကြွေတယ် ရွက်သစ်ဝေတယ်။ ဒီလိုနဲ့ အထီးကျန်နေ့ရက်တွေကို ငယ် ဖြတ်သန်းလာလိုက်တာ
နွေရာသီနှစ်ခုကို ကျော်လွန်သွားခဲ့ပြီ။

     မိုးတစိမ့်စိမ့် ရွာနေတဲ့ နေ့ရက်တစ်ရက်မှာ ငယ် လမ်းဘေးရပ်ထားတဲ့ကားပေါ်မှာထိုင်နေသည် ။ တစိမ့်စိမ့် ရွာနေတဲ့ မိုးရေစက်တွေကိုငေးရင်း ကားရှေ့မှန်ပေါ်ကို ကျနေတဲ့ မိုးပေါက်လေးတွေကို လိုက်လံရေတွက်ရင်း တစ်စုံတစ်ယောက်ကို အပြင်းအထန် လွမ်းဆွတ်နေသည် ။ ဒီလိုမိုးထဲမှာ ငယ့်ဘဝထဲကို မိုးနဲ့အတူ ဝင်ရောက်လာတဲ့ တစ်စုံတစ်ယောက်ကိုလေ ။

      မိုးသံကို နားထောင်နေတဲ့ ငယ့်အာရုံထဲကို တဒေါက်ဒေါက်အသံတိုးတိုးတစ်ခု ဝင်လာသည် ။ ဘာလုပ်ရမလဲ စိတ်က မဆုံးဖြတ်ရသေးခင်မှာ ငယ့်လက်တို့က ကားတံခါးကို ဖွင့်ပေးလိုက်မိပြီ။ တံခါးပွင့်သွားတာနဲ့ ကားထဲအလျင်အမြန် ဝင်ထိုင်လိုက်တဲ့ ပုံရိပ်တစ်ခု ။
  ''ငယ်...´´
     ''ရှင် ဒီနေရာမှာ ဘယ်သူ့ကို လာစောင့်နေတာလဲ...မိုးတွေရွာတိုင်း ကားကိုဒီနေရာမှာရပ်ပြီး ဘယ်သူ့ကို လာလာစောင့်နေတာလဲငယ်...မှန်မှန်ဖြေနော်...´´
    ''သိနေတယ်လား...´´
'' မိုးတွေရွာတိုင်း ငယ်ဒီနေရာမှာ ရှိနေတာ မီသိပါတယ်...စောင့်ရတာကိုကြိုက်တယ် စောင့်လည်းစောင့်နိုင်တယ် စောင့်လည်းစောင့်နေတယ်ဆိုတဲ့သူကို အချိန်ကုန်မခံဖို့ လာပြောတာပါ...တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေတယ်ဆိုတာ ပြန်လာမဲ့သူရှိမှ စောင့်ရကျိုးနပ်မှာမလား ငယ်...ဘယ်သူမှ ပြန်မလာတော့မဲ့နေရာမှာ ဘယ်အရာကိုမှ စောင့်ဆိုင်းမနေပါနဲ့တော့လို့ လာပြောတာ...တို့လက်ထပ်ပြီးသွားပြီငယ်...´´
    မိုးရေတစ်စက် လျှောခနဲ သက်ဆင်းသွားတာခံစားရသည် ။ ကားမှန်ပေါ်မှာလား ။ မဟုတ်ဘူး ။ ပါးပြင်ပေါ်မှာ ။
     ပြောချင်တာပြောပြီး ကားထဲကနေ ပြန်ထွက်သွားတဲ့ ကျောပြင်လေးကို ငယ်ငေးကြည့်နေမိသည် ။ အမြဲအမှတ်ရနေတော့မဲ့မြင်ကွင်း ။ မိုးသည်းထဲမှာ ကျောခိုင်းထွက်ခွာသွားတဲ့မြင်ကွင်း ။
    မိုးနဲ့အတူ ဘဝထဲကို ဝင်လာပြီး နွေရာသီမှာ ဘဝထဲက ပြန်ထွက်သွားခဲ့သူက အခုတော့ မိုးထဲမှာပင် တကျော့ပြန်ပြီး ငယ့်ဆီပြန်ရောက်လာခဲ့ပြီ ။ သို့သော် ဒီတစ်ခါလည်း ကျောပြင်လေးကိုသာ လက်ဆောင်ပေးခဲ့ပြန်သည် ။ သူပေးခဲ့တဲ့လက်ဆောင်က ပြန်မလာကျောပြင်ကလေးသာ ။ ငယ့်တစ်သက်လုံး အမှတ်တရ သိမ်းဆည်းသွားရတော့မဲ့ ပြန်မလာကျောပြင်လေး ။
    သူသည် ဟိုးကောင်းကင်အမြင့်ကနေ ခုန်ဆင်းချလာတဲ့ မိုးစက်ကလေး ဖြစ်မယ်ဆိုရင် ငယ်က ထိုမိုးစက်ကလေး ပုံပျက်ဖွာထွက်လွင့်စင်မသွားအောင် နူးညံ့စွာ ဆီးကြိုထွေးဖက်ထားတဲ့ ပန်းကလေးတစ်ပွင့်သာ ဖြစ်ချင်ခဲ့သည်။သို့သော် ထိုမိုးစက်ကလေးသည် ပန်းပွင့်ချပ်လေးတွေကြားထဲ ခဏတာမျှ ပုန်းဝှက်ဆော့ကစားပြီး အချိန်တန်တော့လည်း မြေပြင်ပေါ်သို့ အသာအယာ လျှောချခုန်ဆင်းသွားခဲ့သည် ။ပန်းပွင့်ကလေးမှာတော့ ဒဏ်ရာတွေနှင့် ကျန်ရစ်ခဲ့ရပါသည် ။
~~~~~~~~~~~~~~~

ပြီးပါပြီ
992022

မိုးနဲ့အတူWhere stories live. Discover now