လီလီသည် မျက်ဝန်းပြာပြာနှင့် ရွှေရောင် ဆံနွယ်များ ပိုင်ဆိုင်ထားသည့် အရုပ်လေး တစ်ရုပ်ဖြစ်၏။ ထိုသို့သော အရုပ်များသည် မိန်းကလေးငယ်များ၏ လက်ဖက်ရည်ပွဲများတွင် မပါမဖြစ်သော အယုယခံ အရုပ်ငယ်များ ဖြစ်ကြသည်။
သို့ပေမဲ့ လီလီကတော့ ကံကောင်းသည့် အရုပ်ကလေး မဟုတ်။ လီလီ့ကို ဖန်တီးစဉ်ကတည်းက အမှားတစ်ခုပါလာခဲ့၍ လီလီသည် အပါယ်ခံ အရုပ်တစ်ရုပ်လေး ဖြစ်လာခဲ့၏။
လီလီသည် သူနှင့် တစ်ထေရာတည်းတူသည့် အရုပ်မ လေးများကဲ့သို့ နှစ်လိုဖွယ် အသံမရှိ။
"အာ ဒီအရုပ်က error ပါနေတာပဲ။ ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး"
အရုပ်ဆိုင်ရှင်က လီလီ့ ခပ်အက်အက် အသံအား ကြားပြီးသည့် နောက်တွင် ထိုသို့ မှတ်ချက်ပြုသည်။
လီလီသည် ဒေါသလဲ ထွက်သွားသလို ဝမ်းလဲနည်းမိ၏။ လီလီ့၏ မျက်ဝန်းများသည် တခြား အရုပ်များထက် ပိုလှသလို ရွှေဝါရောင်ဆံနွယ်များသည်လည်း တခြားသူများထက် ပို၍ နှစ်လိုဖွယ် ခံသည်လေ။
သို့ပေမဲ့ လူသားများတွင် အားသာချက်အား ချီးကျူးလိုသည့် နှလုံးသားမရှိဘဲ အားနည်းချက်အား ဖိနင်းလိုသည့် သဘောသဘာဝသာ ရှိကြသည်။
ထို့ကြောင့် လီလီသည် အစွန့်ပစ်ခံလိုက်ရသည်။ လီလီသည် အရုပ်စင်ထက်တွင် လှပစွာနေရာယူထားသည့် သူနှင့် အမျိုးနွယ်တူ အရုပ်များအား အားကျစွာ ငေးမောကြည့်လိုက်သည်။
ထိုအရုပ်ငယ်များက သူတို့သခင်မ လေးများ ခေါ်ဆောင်သွားမယ့် လက်ဖက်ရည်ပွဲပါတီ အကြောင်းအား စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
အခါးတဝက် အချိုလေးတဝက်ဖြင့် မွှေးပျံ့လွန်းသည့် လက်ဖက်ရည်များနှင့်အတူ ကိတ်မုန့်ချိုချိုလေးများ အကြောင်းလဲ ပါသည်။
ထို့နောက် ထိုအရုပ်မ လေးများသည် သူတို့နှင့်အတူ ကြုံဆုံရမည့် မင်းသားလေးများအကြောင်း ပြောသည့်အခါ မျက်နှာလေးများပင် ရဲတက်သွားကြသည်။
လီလီသည် အခုဆိုလျှင်တော့ အနံ့ဆိုးဝါးလှသည့် အမှိုက်ပုံးလေး ရှေ့တွင် ငုတ်တုတ်ကလေး ထိုင်နေသည်။ ဆိုင်ဝန်ထမ်းလေးသည် လီလီ့အား နောက်ဆုံး ငဲ့ညှာသည့် သဘောဖြင့် အမှိုက်ပုံးထဲသို့ တိုက်ရိုက်မထည့်လိုက်ဘဲ အမှိုက်ပုံးရှေ့တွင်သာ နေရာချထားပေးခြင်း ဖြစ်သည်။
YOU ARE READING
စွန်
Short Storyလေနှင်ရာ လွင့်လိုတဲ့ စွန်ကလေးလို့ မင်း ခနဲ့တတ်တဲ့ ကိုယ်ဟာ မင်းရဲ့ ရင်ခွင်ကောင်းကင်မှာပဲ ပျံသန်းလိုခဲ့ပါတယ်။