"ကျွန်တော် သူနဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာ ခင်ဗျား သိလား"ဒီခက်ခက်ထန်ထန် စကားသံကြောင့် သူမ မျက်ခုံးတစ်ဖက် ပင့်မိသွားတယ်။ တကယ်ဆို သူမက လူတွေရဲ့ စိတ်ခံစားချက်တွေကို သိပ်အလေးမထားလှပါဘူး။ ဒါပေမဲ့ ဒီကောင်လေးရဲ့ ခံစားချက်တွေ ပေါက်ကွဲထွက်နေပုံက သူမကို စိတ်လှုပ်ရှားစေတယ်။
ဘယ်လိုပြောရမလဲ၊ နှစ်ပေါင်းများစွာ တို့လန်းတန်းလန်း ဖြစ်နေခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်သိမ်းကို စာရေးဆရာ ဖြစ်သူက ဆက်ရေးမယ်လို့ ကြေညာလိုက်သလိုပေါ့။
ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာကောင်းလိုက်သလဲ။
"ဘယ်လို ပတ်သက်မှုကို ပြောချင်တာလဲ"
သူမ မထိတရိလေး မေးလိုက်တယ်။ သူမက မီးတောက်မြင်ရင်တောင် ငြှိမ်းရမယ့်အစား ဓာတ်ဆီ လောင်းထည့်ရမှ ကြိုက်တဲ့လူစားမျိုးလေ။
" ခင်ဗျား စကားအသွားအလာ အရ ခင်ဗျားက တကယ်ကို ထဲထဲ၀င်၀င် သိလောက်ပြီးသား ဖြစ်မယ်နဲ့ တူတယ်"
အသက် ၂၇နှစ်အရွယ် လူတစ်ယောက်ရဲ့ ရင့်ကျက်မှုကတော့ သူမလို အသက်အရွယ်အတွက်တော့ ကလေးဆန်ခြင်း တစ်မျိုးလို့ပဲ မြင်နိုင်တယ်။
"ကိုယ်က ရည်ရည်မွန်မွန် မရှိတဲ့ ဧည့်သည်တွေကို သဘောမကျဘူး။ အထူးသဖြင့် ကိုယ့်ကို တရားခံ စစ်သလို မေးခွန်းတွေ အဆက်မပြတ် မေးတတ်တဲ့ ဧည့်သည်မျိုး"
သူမ အပြောမှာ သူက မျက်ခုံးတစ်ဖက် ပင့်ကာ ကြည့်တယ်။
"ကျွန်တော်က ခင်ဗျားရဲ့ ဧည့်သည် မဟုတ်ဘူး"
ထိုကောင်လေးက ဧည့်သည် ဆိုတဲ့ ဝေါဟာရကို ခါးခါးသီးသီး ဖြစ်နေတဲ့ပုံပါပဲ။
သူမရဲ့ ခန္ဓာကိုယ်ကို ရှေ့ကို ကိုင်းချလိုက်တဲ့အခါ ခုနကအထိ မာမာထန်ထန် ရှိနေသည့် ကောင်လေးက နောက်ကို မသိမသာလေး ရို့သွားတယ်။
ဒါက ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ မသက်မသာဖြစ်မှု ဒါမှမဟုတ် မသတီမှုကြောင့် ဖြစ်တယ်ဆိုတာကို သူမ သိပါတယ်။
"ကျွန်တော် ကြားထားရတဲ့ ခင်ဗျားရဲ့ သတင်းတွေကြောင့် ကျွန်တော် ခင်ဗျားရဲ့ ဧည့်သည် မဖြစ်ဝံ့ပါဘူး"

أنت تقرأ
စွန်
القصة القصيرةလေနှင်ရာ လွင့်လိုတဲ့ စွန်ကလေးလို့ မင်း ခနဲ့တတ်တဲ့ ကိုယ်ဟာ မင်းရဲ့ ရင်ခွင်ကောင်းကင်မှာပဲ ပျံသန်းလိုခဲ့ပါတယ်။