𝐛𝐮𝐫𝐧𝐢𝐧𝐠 𝐝𝐞𝐬𝐢𝐫𝐞

657 41 0
                                    

လောကကြီးရဲ့လက်ထဲမှာ အရာရာကိုပြီးပြည့်စုံအောင်လုပ်နိုင်စွမ်းရှိမယ်လို့ ထင်ထားမိတယ်။ ပြီးပြည့်စုံတယ်ဆိုတဲ့ခံစားချက်ကို သဘောပေါက်လိုက်တဲ့အခိုက်အတန့်ဟာ အေးစက်စက်စပါကလင်တစ်ပုလင်းကို လက်ထဲဆွဲကိုင်ထားရတဲ့အချိန်လည်းဖြစ်နေနိုင်တယ် ။

စူးရှနေတဲ့စပါကလင်အရည်တွေက နာကျင်မှု နောက်ပြီးတစ်ပြိုင်နက်တည်းမှာပဲ အေးမြမှုနဲ့ ၊ ချိုမြိန်မှုတွေကိုလည်းပေးစွမ်းနိုင်သေးတယ်။

လေတွေချည်းပဲဖောင်းပြည့်နေတဲ့ လက်နှစ်ဖက်စာမုန့်တစ်ထုပ်ကိုဖွင့်ဖောက်လိုက်တဲ့အခါမှာပဲ မမျှော်လင့်ထားတဲ့မုန့်ပမာဏကိုကြည့်ပြီး သူတို့ဟာဝမ်းနည်းသွားကြရလိမ့်မယ် ။ နောက်ပြီး ပေးထားတဲ့ဈေးနဲ့မတန်လိုက်လေခြင်းဆိုတဲ့ဒေါသကပါ ဖြစ်ပေါ်လာလိမ့်မယ် ။

အဲ့တာကြောင့် ဘယ်အရာကိုမှတစ်ပြေတည်းသတ်မှတ်မထားတာဟာကောင်းလွန်းလိမ့်မယ်။

_____

ရာသီဥတုဟာ ပူအိုက်လွန်းတာကြောင့် နေ့ရက်တိုင်းကိုရေခဲသေတ္တာထဲဝင်နေမှသာ ငရဲခန်းကထွက်ပြေးနိုင်မယ်လို့တောင် သူကတွေးလို့ထားတယ်။

ဂျွန်ဂယူဟာဆေးရောင်တွေပြယ်နေပြီဖြစ်တဲ့ လှေကားထစ်ပေါ်ထိုင်ရင်း " ခန်းဂျိနှင့် ဝေါဟာရများ " ဆိုတဲ့စာကိုဆေးအဖြူနဲ့ခပ်ကြီးကြီးတပ်ထားတဲ့စာအုပ်ကိုကိုင်ထားပြီးတော့ အဲ့စာအုပ်နဲ့ သူ့ကိုယ်သူယပ်တဖြတ်ဖြတ်ခတ်လို့နေတယ် ။ အောက်သို့သို့အနံ့တွေလှိုင်ထွက်နေတဲ့လှေကားအုံမှာ နှစ်ပေါင်းများစွာကြာနေလောက်တဲ့ခြေရာတွေကထင်နေပြီး နံရံထောင့်စွန်းမှာအမှိုက်စတစ်ချို့ကတိုးစုလို့နေတယ် ။

" အချောင်ခိုမနေနဲ့ မြန်မြန်ထလာပြီးကူပေးဦး "

သူ့ထိုင်နေတဲ့နေရာနဲ့ အပေါ်နှစ်ထပ်ကနေဂျွန်ဂယူ့ရဲ့အမဖြစ်သူကခေါင်းထွက်ပြီး‌လှမ်းအော်လို့လာတယ် ။ သူဟာဖြတ်ခနဲမော့ကြည့်လိုက်ပြီးတော့ သွယ်ဆင်းနေတဲ့သူ့ရဲ့လက်ချောင်းတွေကို ခက်ခက်ခဲခဲကျစ်ဆုပ်လိုက်ရင်းနဲ့ သူ့အမကိုလက်သီးထောင်ပြလိုက်တယ် ။ တခစ်ခစ်အသံမြည်အောင်ရယ်သွားတဲ့အမကြောင့် ဂျွန်ဂယူကမျက်မှောင်တွေကြုံ့ပြီးတော့ တောက်တစ်ချက်ခေါက်လိုက်ရတယ် ။ ပြီးတာနဲ့သူ့လက်က စာအုပ်ကိုပဲတဖြတ်ဖြတ်ပြန်ပြီး ခတ်လို့နေတယ် ။

𝐛𝐮𝐫𝐧𝐢𝐧𝐠 𝐝𝐞𝐬𝐢𝐫𝐞【 𝗵𝗮𝗿𝘂𝗸𝘆𝘂 】  Where stories live. Discover now