" တွေ့ရတာ ၀မ်းသာပါတယ် ဝီလီယမ် "
" အတူတူပါပဲ အီသန် "
မှတ်မှတ်ရရ အဲ့ဒီအချိန်က ဆောင်းဦးကာလ ၊ ဆောင်း၀င်ကာစ ။
အသည်းထဲအထိ ခိုက်အောင် အေးမလာသေးပေမဲ့ ထင်ထားတာထက်တော့ အေးစက်ချင်လာတဲ့ ရာသီ ။ဝီလီယမ်နဲ့ ကိုရီးယားမှာကတည်းကသူငယ်ချင်းဖြစ်ခဲ့တဲ့ ဂျော်နီယန်းဖွင့်ထားတဲ့ ကော်ဖီဆိုင်ကလေးကို လမ်းကြုံလို့ အရောက်လာတဲ့နေ့ ၊ အဲ့ဒီနေ့ အဲ့ဒီနေရာမှာ အီသန်က ရှိနေခဲ့ပြီး ဂျော်နီက မိတ်ဆက်ပေးမှုနဲ့ သူတို့ချင်း သိခဲ့ရတာပင် ။
" ဝီလီယမ်ဆိုပေမဲ့ ကျွန်တော်ကိုရီးယားမှာတုန်းက အစ်ကိုဆောနူလို့ပဲ ခေါ်တာနော့် ။ နာမည်အရင်းက ကင်မ်ဆောနူလေ ။ အီသန်က ဒီရောက်မှသိတာဆိုပေမဲ့ ကိုရီးယားပဲမို့ နာမည်အရင်းက အီဟီဆွန်းတဲ့ ။ ဒီဘက်မှာတော့ အီသန် မဟုတ်ရင် အီသန်လီလို့ ခေါ်ကြတာပါပဲ "
ဝီလီယမ့်ကိုတစ်လှည့် ၊ အီသန့်ကိုတစ် မိတ်ဆက်ပေးရင်း စကားတွေပြောနေသည့် ဂျော်နီယန်း၏ ကော်ဖီဆိုင်ကလေးက လူရှင်းနေသည်ရယ်တော့ မဟုတ်ပေ ။ ၀န်ထမ်းသုံးလေးယောက်နှင့် အခြေတကျဖြစ်နေသည်မို့တော့ သဘောကျချင်စရာလေး ဖြစ်လို့နေသည် ။
" ဂျောင်၀န်းနီး .. နေရာအရွေးတော်တာပဲ ။ ပြီးတော့ ဆိုင်က အတော်လေး လှတယ် "
ဝီလီယမ်က ချီးကျူးတော့ ဂျော်နီယန်းက ပြုံး၏ ။
လွန်ခဲ့သည့် ရှစ်နှစ်ကျော် ကိုးနှစ် စတွေ့တုန်းအချိန်ကလို ပါးချိုင့်နက်နက်တွေထင်းလို့ စိတ်လိုလက်ရ အပြုံးမျိုးတွေ ။" ဂျောင်၀န်းလို့ မကြားရတာ နှစ်လလောက်ဖြစ်သွားတော့ ပြန်ကြားရတာ ထူးဆန်းနေတာ ။
အစ်ကိုဆောနူသာမရှိရင် အဲ့ဒီနာမည်ပါ ပျောက်တော့မယ် ထင်ပါရဲ့ဗျာ "" စာတမ်းတွေသာ မနှောင့်ယှက်ရင် ငါက မင်းဆီချောင်းပေါက်အောင် လာနေမှာပေါ့ ဂျော်နီရာ "
အီသန်ကတော့ ဘာမှ၀င်မပြောဘဲ သူတို့ကိုကြည့်ပြီး ပြုံးလို့ ။
ဝီလီယမ်နဲ့ ဂျော်နီက ရယ်ရယ်မောမော ။
ဂျော်နီက ဒီဆိုင်လေးကို ဖွင့်လိုက်တာ တစ်လခွဲလောက်ရှိပြီးတာတောင် ဝီလီယမ်က အခုမှ လာနိုင်တဲ့အထိ စာတွေပိနေခဲ့တာလေ ။