9

18.5K 826 34
                                    

🍓 Part - 9 🍓
--------------------

အာရုဏ်ဆွမ်းသည် နံနက်၅နာရီခွဲတွင် ကပ်မည်ဖြစ်သောကြောင့် မှုန်းတို့အားလုံး ၄နာရီလောက်မှထပြီး ဆွမ်းချက်ရသည်။
ဖာမွန်းက ရွာကြီးတစ်ရွာမို့ အိမ်တိုင်းလိုလို ဆွမ်း၊ဆွမ်းဟင်းအတွက် ထည့်ဝင်လှူဒါန်းကြသောကြောင့် လှူဖွယ်ပစ္စည်းတွေဟာ အများကြီးဖြစ်၏။

"လှူဖွယ်ပစ္စည်းတွေ ဒီလောက်များမှတော့ တစ်နေကုန် မီးခိုးတိတ်ကျွေးလို့ရတယ်ဟေ့"

"ကျွေးမလား သူကြီး လုပ်ကြမယ်ဆိုလည်း ကျုပ်တို့ကအဆင်ပြေတယ်"

"လုပ်ဟာ"

ပျော်တတ်သောသူကြီးနှင့် တက်ကြွသောရွာသားများ ပေါင်းစည်းသွားသည့်အခါ ဘုရားပွဲထက် အလှူတစ်ခုနှင့်ပိုတူနေလေသည်။
အမျိုးသမီးတွေကလည်း တက်တက်ကြွကြွဖြင့် တစ်နေကုန်ထမင်းကျွေးဖို့အတွက် ကူညီပြင်ဆင်ပေးကြသောကြောင့် မီးဖိုချောင်ဟာ ပျော်စရာကောင်းလာသည်။

"မမှုန်းရေ ကြက်သွန်တွေလှီးပြီးပြီလား ဒီမှာ ဆီကျက်နေပြီ"

"ရပြီရှင့်"

"အစောကြီးကတည်းက ပြီးပြီးသားပါ အခုမှဘာထဖြစ်တာပါလိမ့် သူကျတော့ ဆေးလိပ်ကြီးခဲပြီး ဘာမှလည်းမလုပ်ဘူး"

"ဟုတ်ပတော်"

နန်းဖောင်းက နေရာတကာတွင်ဩဇာပေးနေသော သူကြီးကတော်ကို မျက်စောင်းချီကာ တိတ်တိတ်ကလေးဝေဖန်တော့ မှုန်း ပြုံးရုံသာပြုံးလိုက်မိသည်။
သူများအကြောင်းကို သိပ်စိတ်မဝင်စားသလို ကျောင်းဆရာမလည်းဖြစ်နေသောကြောင့် တည်ကြည်ရမည်ဆိုသော ပုံရိပ်လေးကို မှုန်းဆီမှာထင်ဟပ်ချင်သည်။
ကိုယ်ဟာ တစ်ပါးသူတွေကို စာသင်ပေးရသူ၊ လိမ္မာယဥ်ကျေးအောင်ဆုံးမရသူမို့ နေရာတကာမှာ စိတ်ခံစားချက်အတိုင်း လိုက်ပါပြောဆိုလို့မရ။

"နေရာတကာမှာဝင်ပါတဲ့လူက ဥပမာအနေနဲ့ပြောရရင် ဆားလိုလူပဲ ငါ့သမီး
ဆားဆိုတာ ဟင်းတိုင်းမှာမပါမဖြစ်ပဲ ဆားမပါတဲ့ဟင်းကလည်း အရသာကင်းမဲ့တယ်
ဒါပေမယ့် ဘယ်ဟင်းကိုမှ ဆားဟင်းလို့မခေါ်ဘူး ကြက်သားဟင်း၊ ငါးဟင်းလို့ပဲခေါ်ကြတယ် ဟုတ်တယ်မလား"

The Legends (Players Season 2)Where stories live. Discover now