Unicode;
"ရား ဂျွန်ဂျောင်ကု မင်းသေချင်နေပြီလား"ဆော့ဂျင် ကားပေါ်ကဆင်းပြီး ကျောင်းဝန်းထဲဝင်ဝင်ချင်း ပထမဆုံးနေ့မလို့ သေချာပုံသွင်းထားတဲ့ဆံပင်တွေကြား နောက်ကနေ ဖွပစ်ပြီးပြေးထွက်သွားတဲ့ဂျောင်ကုနောက်ကျောအားကြည့်ကာ ဆော့ဂျင် ဒေါသထွက်သွားပြီး တွေ့တာနဲ့အမှုန့်ချေပစ်မယ်လို့ ကြိမ်းဝါးရင်း ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးလိုက်သွားသည်။
"အ.."
"ကဲ ဒီကလေးနှစ်ကောင်နဲ့တော့လေ အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ အခုထိသတ်လို့မပြီးသေးဘူး"
ဆော့ဂျင် ဂျောင်ကုနောက်ပြေးလိုက်နေတုန်း အတန်းရှေ့ရောက်သွားတဲ့အချိန် ဂျောင်ကုဘက်ကရုတ်တရက်ရပ်လိုက်တာကြောင့် နောက်ကပါလာတဲ့ဆော့ဂျင်တစ်ယောက် အရှိန်မထိန်းနိုင်တော့ဘဲ ဂျောင်ကုကျောပြင်ကိုတွန်းထုတ်လိုက်သလိုဖြစ်သွားကာ နှစ်ယောက်သား ကြမ်းပြင်ပေါ် ထပ်လျက်သားမှောက်လျက်လဲကျသွားသည်။
ဆရာမက သူတို့နှစ်ယောက်ရှေ့တည့်တည့်မှာရပ်နေတာကြောင့် ခေါင်းတစ်ခါခါနဲ့သာ မနိုင်တော့ကြောင်း ပြုံးသာပြုံးနေနိုင်တော့သည်။ အတန်းထဲက ကျောင်းသားတွေကတော့ အသံထွက်တဲ့အထိရယ်မိသွားကြသည်။ ဒီမြင်ကွင်းဟာ မူလတန်းအရွယ်ကတည်းက မြင်ဖူးနေကျမလို့ အဆန်းမဟုတ်တော့ပေမဲ့ ရိုးလဲမရိုးသွားပေ။
အမြဲတမ်းသတ်နေတာထက် တစ်ခါတစ်လေတည့်နေတာမှ တခြားသူတွေအတွက် ထူးဆန်းနေဦးမည်။
"အဲ့ဒါ မင်းကြောင့်"
"မင်း အနောက်ကနေတွန်းလိုက်လို့လဲကျသွားတာမလား"
"မင်း ဘာလို့ငါ့ဆံပင်တွေဖွသွားလဲ"
"ကဲကဲ နင်တို့ကို အောက်မှာဘယ်သူမှဖျာမခင်းပေးထားဘူး ထကြတော့ နေရာရှာပြီးသွားထိုင်ကြ"
လဲနေရာကမထကြသေးဘဲ တတွတ်တွတ်နဲ့ရန်ဖြစ်နေတဲ့ဒီနှစ်ယောက်ကို ဆရာမအော်ပြောလိုက်တော့မှ မတ်တပ်ထရပ်ကာ ဖုန်ခါလိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် မကြည်သလိုကြည့်ရင်း လမ်းအကျယ်ကြီးကိုမှ ပုခုံးချင်းတိုက်အောင်လျှောက်ပြီး လွတ်နေတဲ့ခုံတွေကိုကြည့်လိုက်မိတော့ နှစ်ယောက်ထိုင် နောက်ဆုံးအတန်းသာကျန်တော့သည်။