ဖဲကြိုးအနီလေးကနေစတဲ့ငြိတွယ်မှုက သံသရာဆုံးတတ်ပါသလား အစ်ကို?..
ဖန်သားပြင်ပေါ်ကဖဲကြိုးနီကလေးက ကျွန်တော်နဲ့မိုင်ထောင်ချီဝေးပါတယ်။ ကျွန်တော်တမြတ်တနိုးငေးကြည့်ခဲ့ရတဲ့၊ အခုချိန်ကျွန်တော်ကတယုတယဖမ်းဆုတ်ထားရတဲ့ဖဲကြိုးနီကလေးကအစ်ကိုပါပဲ အစ်ကိုရယ်။
ကျွန်တော်ကအစ်ကို့အတွက်အရောင်မဲ့တဲ့ဖြစ်တည်မှုမျိုးပါ။ သေးသိမ်တဲ့ကျွန်တော်ကချစ်မိလိုက်လို့၊မှိန်ပျတဲ့ကျွန်တော်ကမြတ်နိုးမိသွားလို့ ကျွန်တော့်မှာအစ်ကိုကိုတောင်အားနာရပါသေးတယ်။ အစ်ကိုကကျွန်တော်ကောင်းကင်မှာတောက်ပတဲ့ကြယ်ကလေးပါပဲ။ ကျွန်တော်လမ်းပျောက်ချိန်မှာလမ်းပြမီးအိမ်လေးကလည်းအစ်ကိုပါ။
တကယ်တော့ အစ်ကိုရယ်..။
ကျွန်တော့်ကမ္ဘာဆိုပေမယ့် အစ်ကိုတည်တာပါပဲ။ ပြီးတော့အစ်ကိုကကျွန်တော့်ရှင်သန်ခြင်းရဲ့အကြောင်းပြချက်လှလှလေးလည်းဖြစ်နေသေးတယ်။ပြိုလဲဖို့ကြံတိုင်း အစ်ကို့ကိုပဲအားကိုးရှာမိလို့ကျွန်တော်ကတောင်းပန်ပါတယ်။ ဒါပေမယ့်ကျွန်တော့်မှာအစ်ကိုပဲရှိတာမို့ အဆုံးထိစိတ်ဓာတ်တွေကျရတိုင်းအစ်ကို့ကိုရင်ဖွင့်မိဦးမှာပဲ။ ကျွန်တော်ကရယ်ရတယ် အစ်ကိုရဲ့။ ယိုင်နဲ့နဲ့ဘဝကိုပိုင်ဆိုင်ထားရတာတောင် အစ်ကို့ကိုတော့မြူတစ်မှုန်စာအထိအခိုက်တောင်မရှိအောင်ကာကွယ်ပေးနေချင်သေးတယ်။
အစ်ကိုကတော့အေးအေးချမ်းချမ်းလေးပြုံးရင်း၊ ကျွန်တော့်အတွက်မြတ်နိုးစေနိုင်ခြင်းတွေကိုအလိုအလျောက်ထုတ်ပိုးရင်းအသက်တောင်31နှစ်ပြည့်သွားခဲ့ပြီ။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ကလိုမျိုး အစ်ကိုကကျွန်တော်တယုတယဖမ်းဆုတ်ထားရတဲ့ဖဲကြိုးနီကလေးအဖြစ်တောက်ပနေတုန်းပဲ။ ကျွန်တော်ကတော့အစ်ကို့ကိုငေးရင်း၊ အစ်ကိုအထိအခိုက်ကင်းစေဖို့ဆုတောင်းကလေးတွေကိုရေရွတ်ရင်း နေ့ရက်တွေကိုအစ်ကို့စိတ်နဲ့ဖြတ်သန်းခဲ့မိတယ်။ အချိန်တွေကိုကုန်ဆုံးကြပုံချင်းမတူညီရင်တောင် ကျွန်တော်ကတော့အစ်ကိုလွတ်လွတ်လပ်လပ်ပြုံးရယ်နေရင်ကျေနပ်ပါတယ်။