အချိန်ဆိုတာ စက္ကန့်တွေ၊ မိနစ်တွေ၊ နာရီတွေ၊ နေ့ရက်တွေဆက်တိုက်သွားနေသော စမှတ်ကို ဘယ်တော့မှပြန်မရောက်လာနိုင်တဲ့ ခရီးတစ်ခုလိုဖြစ်တည်မှုမျိုးပင်။
🖼
နူးညံ့သော အပြုံးလေးတစ်ခု၊ တိုးဝှေ့တိုက်ခတ်သွားသော လေပြည်ညှင်း၊ နားနားကပ်ပြီးပြောတဲ့ စကားတစ်ခွန်း၊ ထိခတ်မိသွားတဲ့ လက်ချောင်းလေးတွေ။
🖼
ဂျယ်ယွန်းနိုးလာတော့ အခန်းထဲရှိလေထုမှာ သက်တောင့်သက်သာရှိဆဲဖြစ်သည်။
"ဂျေး!"
တေးသီငှက်တွေရဲ့ ကျီကျီကျာကျာသံမှအပ မည်သည့်လူသံမှမကြားရပုံအရ ထိုအခန်းဖော်မှာ မနက်စောစောထဲက အပြင်ထွက်သွားနှင့်ပုံ ပေါ်သည်။
"ဂျယ်ယွန်း"
"အေး"
"ဒီမှာ"
ပတ်ဂျေးလက်ထဲက စက္ကူဘူးကိုမြင်တော့ ဂျယ်ယွန်းမျက်နှာအမူအရာမှာ မိနစ်ဝက်စာလောက် အေးခဲသွားသည်။
တကယ့်ကို မိနစ်ဝက်ပဲဖြစ်သည်။
ဂျယ်ယွန်းလက်ထဲကို စက္ကူဘူးထည့်ပေးခဲ့ပြီး ဂျေးကထွက်သွားသည်။ ရှောင်ပေးသွားတာဆို ပိုမှန်လောက်သည်။
ဂျယ်ယွန်းအကြည့်တွေက စက္ကူဘူးလေးပေါ်က လက်ရေးစာလုံးတွေပေါ် ရောက်သည်။
"To
Sim Jaeyun"🖼
"ရှင်းမ်ဂျယ်ယွန်းဆီသို့
ဒီစာက ဂျယ်ယွန်းဆီ ရောက်ပါ့မလား ကိုယ်မသိဘူး။
ဂျယ်ယွန်းဆီကိုမရောက်ဘူးဆိုရင်လည်း ကိုယ်စကားပြောတာတွေကို အရင်လိုနားထောင်ပေးဖို့လူမရှိတော့ ဒီစာရွက်နဲ့ဘောပင်ကိုပဲ ရင်ဖွင့်ရမှာပဲ။
ဂျယ်ယွန်းသိလား။
ဒီနေ့က ဆိုးလ်မှာပထမဆုံး နှင်းကျတယ်၊ ပထမဆုံးနှင်းကျတဲ့နေ့မှာ ဆုတောင်းရင်ပြည့်တယ်ဆိုလို့ ကိုယ်မျက်လုံးစုံမှိတ်ပြီး နင့်နင့်နဲနဲဆုတောင်းခဲ့တယ်။
ဂျယ်ယွန်းပျော်နေတဲ့ မျက်နှာလေးကိုမြင်ခွင့်ရပါစေဆိုပြီး။