A letter 💌

131 8 0
                                    

လူတွေက သိပ်ရီရတယ် ဘေဘီရေ
သူတို့လိုအပ်တဲ့အချိန်ဆို စကားအလှလေးတွေနဲ့ ရစ်ပတ်လိုက်ကြတာ မလိုအပ်ရင်ကြ စိမ်းသက်လို့။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း တွင်တွင်ပြောတတ်ကြသေးတာ လက်တွေ့ကျတဲ့ အပြုအမူတွေ‌တော့ ပါမလာဘူး‌ပေါ့လေ ။

သူတို့လိုချင်တာကို ‌ကိုယ့်အတွက်ပါဆိုပြီး ခေါင်းစဉ်တပ်တဲ့ သူတွေကော ကြုံခဲ့ဖူးလား ဘေဘီ ။ မကြုံဖူးရင်တော့ ဘေဘီက တကယ့်ကို ကံကောင်းတဲ့ ကလေးလေးပဲ ။ ကိုယ်ကတော့ ကြုံဖူးရုံတင်မဟုတ်ဘူး အခုထိ ကြုံ‌နေဆဲပဲ ။
အဲဒီလိုလူတွေကို တကယ် အသွေးအသားထဲကနေ အော်ဂလီဆန်ပြီး စိတ်ကုန်‌နေပြီ စိတ်ပျက်‌နေပြီ ။ မပတ်သက်ကြပါနဲ့တော့ အကြိမ်ကြိမ်ပြောလည်း သူတို့က အတ္တကြီးတယ် သိလား
ဘေဘီ ။

အနားမှာ တဝဲလည်လည်နဲ့ စိတ်ဒဏ်ရာကို တတိတိပေးတယ် ပြီးတော့ စကားလှလှလေးနဲ့ တန်‌ဆာဆင်တယ် မခွဲနိုင်လို့ပါတဲ့ ။ တကယ် ဟာသပါ ဘေဘီရယ် ။ ကိုယ်အော်ရီမိတာပေါ့ ။ ဟုတ်တယ်လေ တကယ်ချစ်တဲ့သူက ကိုယ်ချစ်တဲ့သူအပေါ် စိတ်ဆင်းရဲအောင် လုပ်ပါ့မလား ။
မကြိုက်ဘူးလို့ ပြောထားတာတွေပဲ တမင်လုပ်နေတာဆိုတော့ ဒါသက်သက် ယုတ်မာတာလို့ ကိုယ်တော့ မြင်မိတာပဲ ။

စိတ်ဒဏ်ရာတွေ တနှင့်တပိုးနဲ့ ထားခဲ့တဲ့သူက ချစ်လို့ပါလို့ လာပြောတာလောက် ခံပြင်းတာမရှိတော့ဘူး။ ကိုယ့်အတွက်က ဒီခံစားချက်တွေက ရိုး‌နေပါပြီ ။ ထွေထူးပြီးလည်း စိတ်မကောင်းရတာမျိုး မရှိဘူး ။ ဒါပေမဲ့ ဒေါသတော့ ဖြစ်မိ‌သေးတယ် ဘေဘီရဲ့။ ကိုယ်က ဘာလို့ခွင့်လွှတ်ပေးရမှာလဲ ကိုယ့်အပေါ် အားနာစိတ်နည်းနည်းလေးတောင် မရှိတဲ့သူတွေက သူတို့အလိုဆန္ဒတစ်ခုတည်းအတွက်နဲ့ မျက်နှာပြောင်တိုက်နေတာ တကယ်အံ့ဩမိပြန်တယ် ။ ဘဝမှာ မချစ်မနှစ်သက်တဲ့သူနဲ့ အတူရှိရရင် ဆိုတဲ့ အတွေးက အသက်ရှူရကြပ်တယ် ။ ကိုယ့်မှာ ဝဋ်‌ကြွေးတွေက သိပ်ကြီးတယ် ထင်ပါရဲ့။

ချစ်တဲ့သူတော့ မတွေ့သေးဘူး ဘေဘီက လွဲလို့ပေါ့။ ကိုယ် ဒီတသက် ချစ်ရမဲ့သူ တွေ့နိုင်ဦးမယ်လို့ ဘေဘီ ထင်လား ။ တစ်ချိန်ကြ ဘေဘီလည်း ဘေဘီချစ်တဲ့သူနဲ့ လက်တွဲသွားမှာ သိတယ် ။ အဲ့ချိန်မတိုင်ခင်တော့ ကိုယ်လည်း ကိုယ်ချစ်ရတဲ့သူ တွေ့လာနိုင်တာပဲမဟုတ်လား ။ ကိုယ်လည်း တခါတလေတော့ ချစ်ရတဲ့သူကို မျှော်လင့်မိပါတယ် ။ ဒါပေမဲ့ မတွေ့လည်း ဖြစ်ပါတယ် ကိုယ့်မှာ
ဘေဘီရှိနေတာပဲ ။

ဘေဘီအပေါ်ထားတဲ့ စိတ်က ပြောင်းလဲသွားတဲ့ ၁၅၀၀ အချစ်မျိုးမဟုတ်ပဲ မပြောင်းလဲတဲ့ ၅၂၈ ပါဝင်နေတော့ ဘေဘီကော ဘေဘီချစ်တဲ့သူတွေပါ ကိုယ်က လိုက်ချစ်ပေးနိုင်တယ် ။ ကိုယ်မချစ်နိုင်တာ ကိုယ့်ဘေးမှာ ရှိချင်တယ်ဆိုတဲ့ သူကိုပဲ ။ အချစ်က တကယ်ထူးဆန်းလိုက်တာနော် ဘေဘီ ။ မြင်တောင် မမြင်ဖူးတဲ့ ဘေဘီကိုကြ ချစ်လိုက်ရတာ ။ ကိုယ်ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ သူ့ကိုကြ အခု မုန်းမိသွားပြီ။ ဆိုလိုရင်းကတော့ ကိုယ် သူ့ကို မုန်းတယ် ဘေဘီ ။ တစ်ဘဝလုံးစာကော ‌နောက်ထပ်ဘဝတွေပါ မပတ်သက်ချင်တဲ့ သူဟာ သူ တစ်ယောက်တည်းပဲ ။ဘေဘီကတော့ စိတ်ဒုက္ခပေးခဲ့တဲ့ သူမှ မဟုတ်တာ တစ်သက်လုံး မမုန်းမိမှာ သေချာတာပေါ့ ။

ဒါပါပဲ ဘေဘီ စိတ်တွေလေပြီး ရေးမိရေးရာ ရေးတဲ့စာပါ။ နားလည်ချင်မှလည်း နားလည်နိုင်လိမ့်မယ်။ ဟိုရောက်ဒီရောက်နဲ့ မလိုအပ်တာတွေလည်း ပါလိမ့်မယ်။ ရင်ဖွင့်ချင်တာလည်း ပါနေတယ် အသိပေးချင်တာတွေလည်း ပါ‌‌ချင်ပါမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ် အဆင်ပြေတော့ နေပါတယ် ။

သတိရတယ် ကလေးငယ်
ပျော်ရွှင်မှုဟာ ကလေးငယ်ဆီပဲ ဆိုက်ရောက်ပါစေ ။
စစ်မှန်တဲ့ မေတ္တာတွေကြောင့် ပို့သတဲ့ချစ်ခြင်းကိုလည်း လက်ခံရရှိပါစေ ။
တနေ့နေ့တော့ ကလေးငယ်နဲ့ တွေ့ဖို့ ကိုယ်ဟာ ကြိုးစားပြီး အကောင်ထည်ဖော်သွားမှာပါ ။

20221103
Lucy Kim 🧿

For My little world 🌍Where stories live. Discover now