ချစ်သော တမ္ပဒီပ ( ဝါ ) ချစ်သော ပုဂံ
* * * * *
ချစ်သော တမ္ပဒီပ ( ဝါ ) ချစ်သော ပုဂံ ။
သက္ကရာဇ် ( ၈၄၉ - ၁၂၉၇ )
တမ္ပဒီပ ဟု ခေါ်ဝေါ်ကြသော ဤပုဂံပြည်၌ မှတ်တမ်းတင်အပ်ခဲ့သော ရာဇဝင်အချစ်ဇာတ်လမ်းများစွာ ရှိခဲ့ဖူးပါသည် ။ ထိုများအနက်၌ လူမသိ မှတ်တမ်းတင်ထားခြင်းမရှိသော ရာဇဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လည်း ရှိခဲ့ဖူးပါသေးသည် ။
" အကျွန်ုပ်သည် နိမ့်ကျသော ကချေသည် ကလျာဏီ သာ ဖြစ်၏ ။ ရေမြေ့သခင်တို့၏ အစိုးရသော ဘုရင့်သမီးတော် စန္ဒာဒေဝီမင်းသမီးအား ရင်နှင့်အမျှ မြတ်နိုးမိပါသည် ။ ဤသစ္စာစကားမှန်ကန်ပါက အကျွန်ုပ် ချစ်သောတမ္ပဒီပ ဤပုဂံပြည်ကြီး၌ နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ အကျွန်ုပ်၏ သစ္စာစကားများ အထွဋ်မြောက်ပါစေသတည်း ။ "
* * * * *
သာသနာတော်များ ပြန့်ပွားလျက်ရှိသော တမ္ပဒီပ ဤပုဂံပြည်ကြီးရှိ အစိုးရသော ဒတ္ထိယံအရှင်သခင်၏ သားတော်ဖြစ်သော မင်းသားစက္ခုဒွိယံ၏ ဓားရေး လှံရေးအောင်မြင်ပွဲအား ဂုဏ်ပြုကြရန်အတွက် တိုင်းပြည်တစ်ခွင်ရှိ ဘုရင်များ မင်းညီမင်းသားများ ပုဏ္ဏားများ စသော ပညာရှင်ကြီးများအား ဖိတ်ခေါ်ထားသည့်အပြင် စိတ်အပန်းဖြေကာ နှလုံးအေးမြစေဖို့အတွက် တမ္ပဒီပ ပုဂံပြည်ကြီးရှိ ကချေသည်မိန်းမလှလေးများကိုပါ ဖိတ်ခေါ်ထားကြပါသည် ။
ထို့အပြင် ဒတ္ထိယံဘုရင်မင်းမြတ်ထံ၌ ပဒုမ္မာကြာပွင့်လေးကဲ့သို့ အဆင်းလှပတင့်တယ်သော စန္ဒာဒေဝီမင်းသမီးလေးတစ်ပါးရှိသည် ။ သူသည် စက္ခုဒွိယံမင်းသား၏ တစ်ဦးတည်းသာ ရှိသော အစ်မတော်အရင်းသာဖြစ်သည် ။ မိဖုရားများပေါများသော ထိုဘုရင်မင်းမြတ်၌ တစ်ခြားသော သမီးတော် သားတော် များ ရှိပါသေးသည် ။ စန္ဒာဒေဝီမင်းသမီးနှင့် စက္ခုဒွိယံမင်းသားတို့ မောင်နှမနှစ်ဦးသာ ဒတ္ထိယံဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီးမှ ဖွားမြင်တော်မူသောကြောင့် တစ်ခြားသော မိဖုရားငယ်များ၏ သားတော် သမီးတော်များမှာ ထိုမောင်နှမနှစ်ယောက်အား မနာလိုစိတ်များ ရှိနေကြတော့သည် ။