ရှောင်းကျန့်က လူလိမ်။
တစ်ပါးသူကိုလည်း လိမ်သလို၊
သူ့ကိုယ်သူလည်း လိမ်သည်။ဒါပေမယ့် သူ ဝမ်ရိပေါ်ကိုတော့
ဘယ်တော့မှ လိမ်လို့မရခဲ့ပေ။
••••ဘူတာရုံဆိုတာ သူ့အတွက် ရထားစီးရန်စောင့်သည့်နေရာတစ်ခုထပ်ပိုခဲ့သည်မှာ တစ်မိုးအောက်မှ ဝမ်ရိပေါ်ကြောင့်သာဖြစ်သည်။ သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့သည်နေရာမှာလည်း ဘူတာရုံဖြစ်သလို၊ လမ်းခွဲနောက်ဆုတ်ခဲ့သည့် နေရာမှာလည်း ဘူတာရုံပဲဖြစ်သည်။
လမ်းခွဲနောက်ဆုတ်ခဲ့သည်..။
ထိုစကားက သူတို့နှစ်ဦးကြား၌ မသုံးသင့်သော
စကားတစ်ခုဟု ရှောင်းကျန့်ထင်မိသည်။
လမ်းခွဲတယ်ဆိုတာမျိုးက ချစ်သူရည်းစားတွေကြားမှာပဲ အသုံးဝင်သည့်စကားမျိုးမဟုတ်လား။ဒါပေမယ့်.. သူနဲ့ဝမ်ရိပေါ်က
ဘာပတ်သက်မှုမှမရှိခဲ့ကြဘူးလေ..။
••••ဝမ်ရိပေါ် က သူ့ကိုအတော်လေး အလိုလိုက်သည်။
အကြီးဆုံးသားဖြစ်သည့်သူက ဝမ်ရိပေါ်ရှေ့ရောက်ရင်
အငယ်လေးတစ်ယောက်ကဲ့သို့ ပြုမူတတ်သည်။ ဝမ်ရိပေါ်က သူ့ထက် ခြောက်လတိတိ ငယ်တယ်ဆိုပေမယ့်လည်းပေါ့..။ဝမ်ရိပေါ်က တစ်ဦးတည်းသောသား။
သူ့မှာ နီးကပ်သည့်ဝမ်းကွဲမောင်နှမတောင်မရှိသည့်
တစ်ဦးတည်းသောသားစစ်စစ်။
သူ့အဖေရော၊ သူ့အမေရောက သူ့လိုပဲ
တစ်ဦးတည်းသောသားသမီးတွေကို။
ဒါကြောင့်မို့ သူက ရှောင်းကျန့်လို မောင်နှမတွေအများကြီးနှင့် နေရတာကို နှစ်သက်သည်။ ရှောင်းကျန့်ကတော့ သူ့လို တစ်ဦးတည်းသောသားဖြစ်ရတာကို သဘောကျ၏။သည်လိုနှင့် တစ်ဦးနေထိုင်ရာပတ်ဝန်းကျင်ကို တစ်ဦးက သဘောကျနှစ်သက်ရင်းနှင့်ပဲ သူတို့သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ ရထားဘူတာကို အတူတူသွားသည်။ ကျောင်းအတူတူပြန်သည်။ ထမင်းအတူတူစားသည်။ တစ်နေရာရာသို့သွားလျှင်လည်း တစ်ယောက်ကိုတစ်ယောက် ခေါ်ဖို့မမေ့ခဲ့။
သို့ပေမယ့်.. အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်တတ်သည်။ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်နှင့်ပတ်သက်လျှင် ထိုအချက်ကို ခဏလောက် မေ့ဖျောက်ထားချင်ပေမယ့်လည်း လောကနိယာမကို သွေဖယ်လို့မရနိုင်ခဲ့။သူတို့တစ်နေ့ ဘယ်အရာကိုမှ အတူမလုပ်ဖြစ်တော့သည့် သူစိမ်းနှစ်ယောက်ဖြစ်သွားခဲ့သည်။