"ရှောင်းကျန့်... အရွက်တွေ လာထွင်ပေးအုံး"
ရှောင်းကျန့်တို့အိမ်က နှစ်ထပ်အိမ်အမျိုးအစား။
လှေကားခြေရင်းကနေ အော်နေသည့် မားမားအသံက တံခါးဖွင့်ထားသည့် သူ့အခန်းဆီကို တိုက်ရိုက်ပျံ့နှံလာသည်။ သူကုတင်ပေါ်မှာ ပက်လက်ကလေးလှဲနေရင်း၊ မျက်နှာကြက်၌ လည်နေသည့်ပန်ကာကို ကြည့်နေရင်း ဘာစကားမှ မတုံ့ပြန်ခဲ့ချေ။ ပြတင်းပေါက်နား၌ ကျလိကျလိ အော်နေသည့် ငှက်သံတွေနဲ့ တဝီဝီလည်နေတဲ့ ပန်ကာသံကပဲ အခန်းထဲမှာ ကြီးစိုးထား၏။ပြတင်းပေါက်မှ ရိုက်ခတ်လာသည့် နေရောင်က
သူ့အိပ်ရာပေါ်ကို ကျရောက်လာသည်။ သူလိုက်ကာကို လက်ဖြင့်သာကာလို့ ဆွဲပိတ်လိုက်၏။ ထို့နောက် ပန်ကာဆီသာ အကြည့်ရောက်လို့ သူငြိမ်သက်နေပြန်သည်။"ဟေ့ ရှောင်းရှောင်း မားခေါ်တာကို မကြားဘူးလား"
မားမား၏ ခြေသံတွေကို သူကြားနေရသည်။ သို့သော် သူပြန်ဖြေဖို့ အာရုံမရှိ။ သူအာရုံတွေက ပန်ကာဆီသို့ နစ်မြှုပ်နေသည်။ ပန်ကာက အဆက်မပြတ်လည်နေသည်။ တဝီဝီလည်နေသည့် ပန်ကာကိုကြည့်ရင်း သူအိပ်ချင်လာပြီ။ သို့သော် ခပ်ဟဟကလေးဖွင့်ထားသည့် တံခါးအား ဝုန်းဒိုင်းကြဲဖွင့်လို့ အော်လာသည့် မားမားကြောင့် သူ့အိပ်ချင်စိတ်မှာ ပန်ကာလေနှင့်အတူ ကြက်ပျောက်၊ငှက်ပျောက်။
"ရှောင်းကျန့်!! ခေါ်နေတာကို မကြားဘူးလား!!
ဘာဖြစ်နေတာလဲ အဲ့ရုပ်က""ဘာမှမဖြစ်ပါဘူး"
သူ့အသံတွေက ခြောက်ကပ်ကပ်နိုင်သည်။ သို့သော် သူဘာမှ ဖြစ်နေတာမဟုတ်။ သူ့စိတ်ထဲ ဘာခံစားချက်မှလည်း ရှိမနေချေ။ မားမားကို သူလှမ်းကြည့်လိုက်၏။ ပြီးနောက် အိပ်ရာမှထကာ လှေကားဆီသို့ လျှောက်လှမ်းလိုက်သည်။
"ရှောင်းကျန့် အသည်းကွဲနေတာလား"
လှေကားဆင်းနေရင်း မားမားစကားကြောင့်
ခေါင်းသာအသာခါပြလိုက်သည်။ သူအသည်းကွဲနေတာမဟုတ်ဘူး၊ ဒါပေမယ့် အသည်းမကွဲတာလည်းမဟုတ်ဘူး။ သူတို့ကျောင်းတွေပိတ်သွားပြီ။ အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲကြီးရဲ့
ရလဒ်တွေကို သူတို့စောင့်နေတာဖြစ်သည်။ ရလဒ်တွေထွက်လာသည်နှင့် ဝင်ခွင့်ဖြေဖို့ ပြင်ဆင်ရတော့မည်။ ပြီးလျှင် တက္ကသိုလ်တွေပြန်တက်ရတော့မည်။ အရာအားလုံးက သူ့အလိုလို လည်ပတ်နေတော့မည်။