ဖရိုဖရဲအင်္ကျီတို့ကို လျင်မြန်စွာပြုပြင်ပြီး ကျောင်းဝန်းထဲသို့ ဒုန်းစိုင်းဝင်လာသည်။ အိမ်ကိုပြန်ပြီး အင်္ကျီလဲဖို့ အချိန်ပိုသည့်တိုင် ရှောင်းကျန့်က အိမ်သို့မပြန်ခဲ့။ သူ ကျိုးရန်ကိုရှာရမည်။ နောက်တော့ မနေ့ကဘာတွေဖြစ်ခဲ့လဲ ဆိုတာကို မေးရမည်။
မနေ့က အိပ်မက်ထဲမှာ ဝမ်ရိပေါ်ကငိုနေသည်။ နင့်နင့်သည်းသည်းငိုလျက်၊ သူ့ကိုလည်း စကားတွေအများကြီးပြောနေသည်။ ဘာစကားတွေမှန်းတော့ သူမသိ။ ထို့နောက် ထူးဆန်းအံ့ဖွယ်ကြီးသည် ရှောင်းကျန့်မနက်ခင်းအစ၌ ကြိုဆိုနေလေ၏။
သူက ဝမ်ရိပေါ်ရဲ့ အိပ်ရာပေါ်မှာ အသားတကျအိပ်နေခဲ့ပြီး မလှမ်းမကမ်းကဆိုဖာပေါ်မှာ ဝမ်ရိပေါ်က တောင့်တောင့်လေး အိပ်နေသည်။ စဉ်းစားလိုက်တိုင်း နောက်ကျိလာသည့်ခေါင်းကြောင့် မနေ့ကဖြစ်ရပ်တွေကို ဘာမှအမှတ်မရ။ ဘယ်သူကခေါ်လိုက်လို့ ဝမ်ရိပေါ်ကရောက်လာခဲ့တာလဲ။
"ကျိုးရန်!"
ပန်းချီမေဂျာသို့မရောက်ခင် ကန်တင်းကိုဖြတ်ရသည်။ ထိုကန်တင်းထိပ်နားတွင်ပင် ထိုင်နေသော ကျိုးရန်ကိုတွေ့သဖြင့် သူအလောတကြီးသွားလိုက်၏။ ကျိုးရန်နှင့်အတူ ဘေးနား၌ အိပ်ရေးမဝဟန်ရှိသည့် ကျိုးနျဉ်။
"ဟော မင်းရောက်လာပြီပဲ"
လန်းဆန်းနေသည့်ကျိုးရန်က မနေ့က သောက်တဲ့လူထဲသူမပါသလို။ တက်ကြွပြီး သူ့ကို ထိုင်ခုံဆွဲပေးကာ ဘာသောက်မလဲတောင်မေးနေသေး၏။
"မသောက်တော့ဘူး။ မနေ့ညက ငါဘာတွေလုပ်ခဲ့တာလဲ"
"ဟင်.. မနေ့ညက မင်းဘာတွေလုပ်ခဲ့လို့လဲ"
ပြန်မေးလာသည့်မေးခွန်းကြောင့် ရှောင်းကျန့် မျက်လုံးလေးပြူးကျယ်သွားသည်။ ပြီးနောက် ကျိုးနျဉ်ဘက်ကိုကြည့်တော့ ခပ်ရေးရေးသာပြုံးပြရင်း..
"မှောက်သွားတဲ့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မေးတော့ ဘာထူးမှာလဲ"
ဒါဆို မမှောက်သွားတဲ့လူက ကျိုးနျဉ်တစ်ယောက်သာရှိခဲ့သည်ပေါ့။ ဝမ်ရိပေါ်ကို ခေါ်တာ ကျိုးနျဉ်လား။ ကျိုးရန်ဘက်ကို ပူးကပ်နေရာမှ ရုတ်ခြည်း ကျိုးနျဉ်ဘက်သို့ ယိမ်းလိုက်သည်။