(U)
"အဖိုးသော့်အတွက် ဂျာနာကျော်မမလေး ချန်ထားပေးနော်"
"အဖိုးသားက ဆရာချစ်ဦးညို"
"အဖိုးနှင်းဆီတို့က ဆရာမဂျုး"
သော်တို့တစ်ယောက်တစ်ပေါက် ပြောနေကြသည်ကို ဖိုးဖိုးက စားပွဲကနေပြုံး၍ကြည့်နေ၏။ အငှားဆိုင်ဆိုပေမယ့် စာအုပ်ငှားခပေးရတယ်ဆိုတာမရှိ။ စာဖတ်ချင်တဲ့ လူငယ်လူရွယ်တွေ စာဖတ်နေတာမြင်ရရင် သူအောင်မြင်တယ်ဟု ခံစားရလို့ဖြစ်ပြီး သည့်အပြင်အဖိုးကိုယ်တိုင်က ၀ါသနာပါလို့ စာအုပ်ဆိုင်လေးဖွင့်တာလို့ သော်တို့ကို ပြောဖူးသည်။
ဆိုင်သွားမည်ဆိုလျှင် ကြီးကြီးက အဖိုးအတွက်ချိုင့်ဆွဲလေး ထည့်ပေးလေ့ရှိသည်။ နှင်းဆီတို့မော်မော်တို့အိမ်ကလည်း သည်အတိုင်းပင်။ အဖိုးချကျွေးတဲ့ မြန်မာမုန့်တွေကလည်း အလွန်အရသာကောင်း၏။ သော်မြန်မာမုန့်တွေကြိုက်ရခြင်း အစက ဒီဆိုင်လေးကဖြစ်မည်။
ကျောင်းပိတ်ရက်တွေဆို သော်တို့သူငယ်ချင်းတစ်သိုက်က အဖိုးစာအုပ်အငှားဆိုင်လေးမှာပဲ အချိန်ကုန်လေ့ရှိကြသည်။ တစ်ရပ်ကွက်ထဲဆိုပေမယ့် လမ်းသွယ်မတူကြတာမို့ သော့်ဆီမှာလူစုပြီးမှ စာအုပ်ဆိုင်သွားတာထုံးစံပင်။
စိတ်၀င်တစားနှင့် စာဖတ်သည့်အချိန်ကလွဲရင် သော်တို့လေးယောက်ပေါင်းမိလျှင် အိမ်ကလေးညံသွားတတ်သည်။ အသံကျယ်တဲ့ နှင်းဆီကထိပ်ဆုံးကပင်။
"အဖိုးကိုကြီးပူစီကပြန်မလာသေးဘူးလား"
"ဟိုမှာပျော်သလောက်နေပါစေ"
"ဘယ်ကသာအဖိုးကလည်း ကိုကြီးကအဖိုးကိုစိတ်မချတာနဲ့ပြန်လာချင်လို့ဖင်တကြွကြွဖြစ်နေမှာ မော်မော်မြင်ယောင်နေပြီ"
"မော်မော်ပြောရော့မယ်"
မော်မော်အပြောကြောင့်အဖိုးရယ်တော့ သော်တို့ပါ၀လုံးကွဲရယ်မိကြသည်။ ကိုကြီးပူစီက အဖိုးမိတ်ဆွေဦးလေးတစ်ယောက်ရဲ့သားဖြစ်ပြီး အဖော်ရအောင် အဖိုးနဲ့လာနေပေးတာဖြစ်သည်။ မော်မော်ပေးထားတဲ့နာမည်နဲ့ ကိုကြီးကလည်းလိုက်၏။ ကြောင်ပေါက်လေးလို ချစ်စရာကောင်းတဲ့အကိုမို့ သော်တို့တစ်ဖွဲ့လုံးအတွက် အကိုအရင်းချာလိုပင်။ စာတော်တဲ့သူမို့ အသင်အပြလည်းကောင်း၏။ မသိတာရှိရင် သော်ဆိုကိုကြီးဆီသာတန်းပြေးသည်။