"ဟိုကျောင်းသား အဆင်ပြေရဲ့လား?"
Professor ရဲ့ အသံကြောင့် စာထဲအာရုံစိုက်ထားတဲ့သူရော၊ အာရုံမရတဲ့သူတွေပါ နိုးနိုးကြားကြားနဲ့ ဖြစ်ကုန်ကြတယ်။
စာသင်ခန်းထဲ တိတ်ဆိတ်ငြိမ်ကျသွားတဲ့နောက် လက်ရှိကို အာရုံမရသေးတဲ့ တစ်ယောက်တည်းသော ကျောင်းသားကိုပဲ Professor က ထပ်ပြောလိုက်တယ်။
"ပြတင်းပေါက်နားက အင်္ကျီအဝါလေးနဲ့ ကျောင်းသား.."
တိတိကျကျရည်ညွှန်းပြောလိုက်တော့ အခန်းထဲက ကျောင်းသားတွေအကုန် ပြတင်းပေါက်နားက အင်္ကျီအဝါလေးနဲ့ ကျောင်းသားဆီ အကြည့်ရောက်ကုန်ကြတယ်။
မသိစိတ်ရဲ့ နိုးကြားမှုကြောင့် Jisung တိတ်ဆိတ်သွားတဲ့စာသင်ခန်းဆီမှာ အာရုံပြန်ရောက်လာတယ်။ အခန်းထဲက လူအကုန်ဆီကနေ ငေးကြည့်ခံနေရတဲ့ သူ့ကိုယ်သူ သတိထားမိတော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ တစ်ခန်းလုံးကို ပြန်ဝေ့ဝဲကြည့်တယ်။
"ထီးမပါလို့လား ကျောင်းသား?"
".... ဗျာ?"
"အပြင်မှာ မိုးအုံ့နေတာကိုငေးရင်း မျက်နှာမကောင်းဖြစ်နေတော့ ထီးမပါလို့များလားလို့?"
"အဲ့လို မဟုတ်ပါဘူး.."
"ဒါ သူ အပြင်က မှိုင်းညို့ညို့ရာသီဥတုကို ဖလင်တွေထဲ ဘယ်လိုလက်ရာမြောက်အောင်ထည့်မလဲ တွေးနေတာဖြစ်နိုင်တယ် ဆရာ!"
ဘေးခုံက Chenle ရဲ့ အပြောကြောင့် တစ်ခန်းလုံးဆီက ရယ်သံစိပ်စိပ်ထွက်လာတယ်။
"အဲ့တာဆိုရင်တော့ အဲ့ဒီကျောင်းသားလေးကို ကျေးဇူးတင်လိုက်ကြဦး မင်းတို့အားလုံးအတွက် နောက် Project ရဲ့ ခေါင်းစဉ် ဆရာကြိုတွေးထားလိုက်ပြီ"
ဒီတစ်ခါလည်း တစ်ခန်းလုံးဆီကပဲ ဟာခနဲ ဟင်ခနဲ နဲ့ အသံမျိုးစုံထွက်လာတယ်။
"ကဲ ကဲ နှုတ်ခမ်းဆူမနေကြနဲ့တော့ အကုန်လုံး.. Project လည်း ပေးလိုက်တာမို့ အတန်းစောစောဆင်းပေးလိုက်မယ်.. နောက်အပတ်မှာ မင်းတို့ ဆရာ့ကို ဘယ်လိုအံ့အားသင့်အောင်လုပ်နိုင်မလဲဆိုတာလည်း ဆရာကြိုတွေးထားမှာပါ"