တေးနဲ့ နွယ်တို့ တယောက်ကို တယောက် သည်းသည်းလှုပ်ဖြစ်နေကြတာ သွယ်ကတောင် ပြောယူရသည်။
"တေး ငါ့အမကို သိပ်မချွဲပါနဲ့ဟယ်။ ဟိုမှာ လဲ နင်မှနင်ဖြစ်နေပါပြီ"
သွယ်က အဲ့လိုတွေပြောပြီ တချိန်လုံးစနေတော့သည်။
"ငါက ဘာမှ မလုပ်ရပါဘူး မ ကိုက ငါ့ကို crazyဖြစ်နေတာတော့ မတတ်နိုင်ဘူး"
တေးက ခပ်ရွဲ့ရွဲ့လေးပြန်စတော့ သွယ်က လှမ်းဆဲတော့သည်။နောက်ပိုင်းပိတ်ရက်တွေ မ နားမှာသာနေဖြစ်တော့သည်။ သွယ်ကလည်း အလိုက်သိစွာနဲ့ တေးကို အရင်လို အပြင်သွားဖို့ သိပ်မခေါ်တော့။
မ တို့ ညီအမလဲ သူတို့ အဖေကိစ္စနဲ့ထပ်ပြီး ပြဿနာမဖြစ်ကြတော့။ သွယ် သူ့အဖေနဲ့ ဆက်သွယ်နေတာကို မက မသိချင်ယောင်ဆောင်ထားလိုက်သည်။
"တေး ငါရည်းစားရနေပြီသိလား"
သွယ်က တေးကို ဖုန်းဆက်ပြီး ပြောပြနေတာဖြစ်သည်။ အိပ်ရာပေါ်လှဲပြီး ဖုန်းပြောနေတဲ့ တေးတယောက် ချက်ချင်းပင် ထထိုင်မိသွားသည်။
"ဟဲ့ ဘယ်ချိန်က ရည်းစားရသွားတာလဲ"
"အရင်တပတ်က"
"နင်လုပ်ပြန်ပြီ သွယ်ရယ်"
"တေးရယ် ငါလဲ အရွယ်ရောက်နေပါပြီ ရည်းစားထားတာလောက်တော့ ထားလို့ရနေပါပြီဟယ်"
"ငါသိပါတယ် နင့်အမ အကြောင်း နင်သိရဲ့သားနဲ့"
"သူမသိအောင် ထားမှာပေါ့ ငါ့မှာလဲ ဒီအမတယောက်နဲ့ ဒီအရွယ်ရောက်တာတောင် ရည်းစားကိုခိုးထားနေရတယ် စိတ်ညစ်တယ်"
တေးလည်း ဘာမှ မပြောတော့။ သွယ်လဲ အရွယ်ရောက်နေပြီပဲ။ စဥ္းစားတက်မှာလို့ပဲ တွေးလိုက်မိသည်။
"ငါနဲ့တော့ မိတ်ဆက်ပေးထားအုံး"
"အေးပါ"
သွယ်ဖုန်းချသွားတော့ တေး သက်ပြင်းလေးချလိုက်မိသည်။ တခါတခါ မ နဲ့ သွယ်ကြား သူဘယ်လိုနေရမယ်မသိဖြစ်နေသည်။
အချိန်တွေက သိပ်မကြာလိုက်ပါဘူး မလည်း သွယ်ရည်းစားထားတဲ့ကိစ္စ သိသွားပါတော့သည်။
အဲ့နေ့က သွယ်က သင်တန်းမသွားပဲ သူ့ရည်းစားနဲ့လျောက်သွားတာ မ က သွယ့်သင်တန်းဘက်ရောက်လို့ ဝင်ကြိုတော့ သင်တန်းကို သွယ်မတက်တာသိသွားပြီး စုံစမ်းလိုက်တော့ သွယ်ရည်းစားထားနေတာကိုသိသွားခြင်းဖြစ်သည်။
သောကြာနေ့ဖြစ်လို့ အဲ့နေ့ညက တေးလည်း မ ဆီမှာ အိပ်တဲ့နေ့ဖြစ်နေသည်။
မ က အိမ်ကိုအစောကြီး ကြိုရောက်နေပြီး သွယ်ပြန်အလာကို ထိုင်စောင့်နေသည်။
တေးက အရင်ရောက်လာတော့ မ အစောကြီး အိမ်ပြန်ရောက်နေတာ တွေ့လိုက်သည်။
"မ အစောကြီး ဆိုင်ကပြန်လာတာလား"
"အင်း"
တေး မ ကိုကြည့်လိုက်တော့ မ က မျက်နှာ သိပ်မကောင်း။
"နေမကောင်းဘူးလား မ"
တေးက မ ပါးလေးကို စမ်းပြီး မေးလိုက်တော့ မက ခေါင်းလေးခါတယ်။
"ကဲ မ ဘာဖြစ်နေတယ်ဆိုတာ ပြောပြ"
"သွယ် ရည်းစားရနေပြီ တေး"
တေးမျက်လုံးလေးပြူးသွားသည်။
တေးက ဘာမှ မမေးတော့ မ က တေးကို သေချာလေး စိုက်ကြည့်နေသည်။
"နေပါအုံး တေး ရော သိနေတာလား"
တေး ခေါင်းငြိမ့်ပြလိုက်သည်။
"ဘာလို့ မ ကိုမပြောတာလဲ တေး"
မ အသံက မာလာသည်။
တေး မ လက်လေးကို ကိုင်လိုက်သည်။
"စိတ်မဆိုးပါနဲ့ မ။ တေးပြောတာ သေချာနားထောင်ပါ"
တေးပြောနေလဲ မ ကတော့ ဒေါသထွက်နေတဲ့ အကြည့်တွေနဲ့သာ ကြည့်နေသည်။
"သွယ်လဲ အရွယ်ရောက်နေပြီလေ။ ရည်းစားထားတယ်ဆိုတာ သဘာဝပဲလေ။ နောက်ပြီး သူ့ကောင်လေးကို တေး တွေ့ကြည့်ပြီးပါပြီ။ လူကောင်းလေးပါ"
မ က ဘာမှ ပြန်မပြော။
"မ တေးပြောတာကြားလား"
"တေးနဲ့ သွယ်တို့က အသက်ဘယ်လောက်ကြီးနေကြလို့ ယောင်္ကျားတွေ အကြောင်းသိသလို ပြောနေကြတာလဲ"
"တေးတို့ အရွယ်ရောက်နေပါပြီ မရယ်"
"သွယ့်ကို နယ်ပြန်ပို့လိုက်တော့မယ်"
ဒီလောက် ပြောပြနေတဲ့ကြားက မ က လက်မခံ။
"မမ ပြန်ပို့တိုင်း သွယ်က ပြန်မှာမို့လား"
သွယ်က ဘယ်ချိန်ထဲက ရောက်နေလဲ မသိ။
"အော် လည်လို့ဝတော့ ပြန်လာပြီပေါ့ ဟုတ်လား"
တေး စိတ်ညစ်သွားသည်။
ခုလိုတွေ စကားများမှာစိုးလို့ အေးဆေးရှင်းပြနေတဲ့ကြားက ညီအမ နှစ်ယောက်လုံးက ပြဿနာဘက်ကိုပဲ ဦးတည်နေတော့သည်။
"မမ အိမ်မှာ မနေစေချင် အဖေ့အိမ်သွားနေလိုက်မယ် ရတယ်"
သွယ်က ပြဿနာကိုမီးထပ်မွှေးလိုက်ပြန်သည်။
"ဟဲ့ နင် အဲ့အဖေဆိုတာကို တော်တော်အားကိုးနေတယ်လား"
"အားကိုးတာပေါ့ အဖေပဲ"
"ငါ နင့်အမ ငါ့မှာလဲ နင့်ကိုဆုံးမပိုင်ခွင့်ရှိတယ်"
"သွယ်က ခုမှ ရည်းစားတယောက်ပဲထားသေးတာပါ။ မမလို ယောင်္ကျားပေါင်းစုံနဲ့ တွဲနေခဲ့တာမဟုတ်ဘူး"
မရဲ့ မျက်နှာလေး ရဲတက်သွားသည်။
"သွယ် နင်လာခဲ့"
တေး သွယ့်ကို လက်ဆွဲပြီး အခန်းထဲ ခေါ်ခဲ့
လိုက်သည်။
မ ကတော့ အပြင်မှာ ဘယ်လိုကျန်ခဲ့လဲ မသိ။
"သွယ် နင် ဘာလို့ မကို အဲ့လိုပြောလိုက်ရတာလဲ"
သွယ်က ဘာမှ ပြန်မပြော။
"ငါနင့်ကို အရမ်းစိတ်ဆိုးတယ် သိလား"
သွယ်က တေးကို မျက်နှာငယ်လေးနဲ့ လှမ်းကြည့်သည်။
"နင့် ချစ်သူဘက်ကပဲ နင်နာတော့မှာပေါ့"
"ဟဲ့ အဲ့ဒါ နင့်အမလေ။ နင်တော်တော် ဆိုးနေပါလားသွယ်ရယ်။ နင်အဲ့လို ကျပ်ကျပ်လုပ် ငါနင့်ကိုမခေါ်တော့ဘူးသိလား"
တေး သွယ့်ကိုပြောပြီး အခန်းအပြင်ထွက်ခဲ့လိုက်သည်။
မ ကတော့ ခုနက နေရာမှာပဲ ထိုင်နေရှာသည်။
"လာ မ အခန်းထဲ သွားရအောင်"
မ က ထိုင်ရာမှမထ။ တေး သေချာကြည့်လိုက်တော့ မျက်ရည်လေးတွေကျနေသည်။
တေး မဘေးမှာ ထိုင်လိုက်ပြီး မ ကို မျက်ရည်သုတ်ပေးလိုက်သည်။
"မငိုပါနဲ့ မရယ် သွယ်က စိတ်ဆိုးလို့ပြောတာပါ"
"သွယ်ပြောသွားတာမှန်နေတာပဲ။ မက ယောင်္ကျားပေါင်းစုံနဲ့ တွဲခဲ့တော့ ညီမလုပ်သူကတောင် မ ကို တန်ဖိုးမရှိဘူးထင်နေတာလေ"
"ဟာ မရယ်.....
မကို တေး တန်ဖိုးထားတယ်
မကို တေး မြတ်နိုးတယ်
မကို တေးချစ်တယ်
မရဲ့ ဖြစ်တည်မှုတိုင်းကို တေး တန်ဖိုးထားပြီး ချစ်တယ်လေ"
နွယ် တေးမျက်နှာလေးကိုကြည့်ပြီး တေးကို နမ်းလိုက်မိသည်။ ဒီကမ္ဘာမှာ သူ့ကိုတန်ဖိုးထားမြတ်နိုးတယ်လို့ တဖွဖွ ပြောနေတဲ့ လူသားလေးကြောင့် သူစိတ်သက်သာရာရခဲ့တာဖြစ်သည်။
"လာပါ အခန်းထဲ သွားရအောင်နော်"
တေး အမကို အခန်းထဲ ခေါ်လာလိုက်သည်။
အခန်းထဲကျ တေး မကို တင်းတင်းကျပ်ကျပ်လေးဖက်ထားလိုက်သည်။
"မကို တေးချစ်တယ်နော်။ ခုနလို စကားမျိုး နောက်ထပ်မပြောတော့နဲ့နော်။ သွယ့်ကိစ္စ အဲ့လောက်ထိ စိတ်မပူပါနဲ့။ နောက်ပြီး သွယ်စိတ်ဆိုးလို့ ပြောတာတွေကိုလဲ စိတ်ထဲ ထားမနေနဲ့နော်"
နွယ် တေးကိုသာ ပြုံးပြီး ကြည့်နေမိသည်။
"တေးကို မ အရမ်းချစ်မိနေပြီ သိလား"
"အင်း သိတာပေါ့"
တေးနဲ့ မ နှစ်ယောက်သား သဘောကျစွာရယ်မိသည်။
နောက်နေ့ကျ တေးက သွယ့်ကိုစကားမပြောပဲနေလိုက်သည်။ သွယ်က သူ့အမကို တောင်ပန်ရှာသည်။
"မမ သွယ်မနေ့က လွန်သွားတာ တောင်းပန်ပါတယ်"
တေးနဲ့ မတို့ tvထိုင်ကြည့်နေတုန်း သွယ်က ဘေးနားလာထိုင်ပြီး သု့အမကို ပြန်လာချော့သည်။ မ ကတော့ ပြုံးပြီး ခေါင်းငြိမ့်ပြရှာသည်။
"တေး နင်လဲ ငါ့ကိုတော့ စကားပြန်ပြောသင့်ပါတယ်"
ဘေးက မကြားချင်ယောင်ဆောင်နေတဲ့ တေးကို သွယ်က လှမ်းပြောသည်။
"မပြောချင်သေးဘူး။ ငါစိတ်ဆိုးပြေတဲ့ထိစောင့်"
မ ကတေးကို ကြည့်ပြီး ပြုံးနေသည်။ တေးကတော့ မ လက်လေးကို သေချာလေး ဆုပ်ကိုင်ထားသည်။နောက် သုံးလလောက်နေတော့
မ မွေးနေ့မှာ တေး မကို လက်ထပ်ခွင့်တောင်းသည်။
ဥပဒေတွေ မလို
တရားသူကြီး မလို
အဆောင်အယောင်တွေ မလို
လူနှစ်ဦး ချစ်နေဖို့သာလိုသည့် လက်ထပ်ပွဲလေး ကျင်းပခဲ့သည်။ ဧည့်သည်ကတော့ သွယ်နဲ့ သူကောင်လေး နှစ်ယောက်သာ။
တေး ဝတ်ဆင်ပေးတဲ့ လက်ထပ်လက်စွပ်လေးကို မက ကျေနပ်စွာလက်ခံခဲ့ပြီး တေးက သူရဲ့ဘဝကို မအတွက် မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သည်။....................ပြီးပါပြီ.....................
YOU ARE READING
နွယ်သို့ ရစ်ပတ်ခြင်း
Romance"မကို တေး တန်ဖိုးထားတယ် မကို တေး မြတ်နိုးတယ် မကို တေးချစ်တယ် မရဲ့ ဖြစ်တည်မှုတိုင်းကို တေး တန်ဖိုးထားပြီး ချစ်တယ်လေ" အချစ်ဆီသို့ တဖြည်းဖြည်းတိုးဝင်ခြင်း..... ဇာတ်ကအေးပါတယ်။ ဖြည်းဖြည်းချင်းခံစားပြီး ဖတ်ကြည့်ရင်တော့ အချစ်ရဲ့ ချိုသာမှုလေးတွေကို မြင်ရမှာ...