P-1 မောင့်အကြောင်း(Uni)

320 8 0
                                    

အခန်း(၁).....မောင့် အကြောင်း

တိမ်တိုက်လေးတွေ ရွေ့လျားနေတဲ့ လေယာဉ် windowကနေ ငေးကြည့်နေရင်း မောင့်အကြောင်းလေးတွေကို စုတွေးမိတယ်။ မှတ်မှတ်ရရ မောင့်ကို ပထမဆုံး ကျောင်းကို ခေါ်သွားတဲ့‌နေ့လေးကို သတိရမိတယ်။ အဲ့နေ့ကလေ စုမေမေအိမ်မှာ ဖဲဝိုင်းထောင်လို့ ဖေဖေနဲ့ ရန်ဖြစ်စကားများကြတဲ့နေ့လေးဆိုလဲ ဟုတ်တယ်။ ဒါမယ့်လေ အဲ့နေ့လေးက စုကို စိတ်ပျက်စေတဲ့ နေ့လေးမဟုတ်ခဲ့ဘူး။
အဲ့နေ့လေးက စု မောင့်လက်ကို တွဲပြီး သူ့အခန်းလေးထဲကို လိုက်ပို့ခဲ့တာ။ လူကြောက်တတ်တဲ့ မောင့်ကိုလေ မောင့်မေမေက ငိုမှာအရမ်းစိုးရိမ်နေခဲ့တာပေါ့။ ဒါပေမယ့် မောင်ကလေ စုလက်ကို တွဲပြီး မျက်လုံးလေးတွေ မှေးမှိတ်သွားအောင်ကို သဘောတကျ ရယ်မောပြီး လိုက်ပါခဲ့တာ။ အဲ့တုန်းက စုက ၇တန်းလောက်ရှိပြီဆိုပေမယ့် မောင်နဲ့ပဲ ကစားတုန်းပဲ။ မောင်ကလဲ စုမှစု။ မောင့်စာသင်ခန်းထဲရောက်တော့မှ မောင်က စုလက်ကို မဖြုတ်ချင်ပဲ ငိုမဲ့မဲ့လေးဖြစ်သွားတယ်။ ပြီးတော့ မမစုနဲ့ပဲ နေချင်တယ်တဲ့။ ငိုမဲ့မဲ့ ဖြစ်နေတဲ့ မောင့်ကိုလေ...စု ဘယ်လိုတောင် ချော့လိုက်ရလဲသိလား..။

"မမကို ကာကွယ်ပေးမယ့် စူပါမန်းကြီးဆို ...ဟင်...အခုတော့ အခန်းလေးခွဲရမှာကို ငိုတော့မှာပေါ့"

ဆိုတော့မှ မောင်ကလေ ...လက်သီးလေး ပြန်ဆုပ်၊နှာရည်တွေ သုတ်ပြီး ရှေ့ဆုံးတန်းမှာ ဝင်ထိုင်သွားတယ်။
ကျောင်းစတက်ကတည်းက မိန်းကလေး သူငယ်ချင်းနဲ့လဲ မပေါင်း...ကောင်လေးသူငယ်ချင်းဆိုလဲ သိပ်မရှိတဲ့ မောင်ကလေ စုကိုပဲ တွယ်တာနေတာ။ ဝလုံး စရေးတာကအစ အ အဆုံး စုကိုပဲ လိုက်ပြခဲ့တာ။ အမြဲတမ်းလိမ္မာနေတဲ့ အဲ့ကောင်လေးက ဒုတိယတန်း ရောက်တော့ ရန်ဖြစ်လို့ အရိုက်ခံရတယ်တဲ့။ စုအရမ်း လန့်သွားတာ...မောင့်ကို မေးကြည့်တော့ အတန်းထဲက သူငယ်ချင်းတွေက စုခေါ်သလို မောင်၊မောင် ဆိုပြီး လိုက်ခေါ်ကြလို့တဲ့လေ။ မောင့်နာမည်က ဝေဟင်မင်းမောင် ဆိုပေမယ့် မမစုကလွဲ ဘယ်သူမှမောင်လို့ မခေါ်ရဘူးတဲ့လေ။ မောင်လို့ ခေါ်တဲ့သူငယ်ချင်းတွေကို ဆွဲဆိတ်လိုက်ပါသတဲ့။ စုမှာလေ ...ဒီကောင်လေးကို အရမ်းအသည်းယားမိတာပေါ့။ စုရဲ့ မိသားစုတောင်မှ အလေးမပေးတဲ့ စုကို မောင်က တသီးတသန့်ထားပေးတာများလေ။
စာသင်ချိန်နားတဲ့ အချိန်ပိုင်းလေးမှာတောင် မောင်က စုဆီ အမြဲပြေးလာတယ်။ တစ်ခန်းလုံးက မောင်နဲ့စုကို မောင်နှမအရင်းလို့ပဲ ထင်ကြတာ။ မောင့်ကိုထိန်းရင်းနဲ့ စုမှာလဲ ရင်းရင်းနှီးနှီးသူငယ်ချင်း မရှိသလောက်ရှားသွားတယ်။
ဒါပေမယ့် မောင်နဲ့သာဆို စုအားလုံးနဲ့လဲနိုင်ပါတယ်။ မောင်က အမြဲတမ်း စုကို ဝမ်းနည်းအောင်မလုပ်ဖူးဘူး။ စုပျော်အောင် ရယ်အောင်ပဲ အမြဲလုပ်တယ်။ မောင်က ခလေးတန်မဲ့ အရမ်းသိတတ်တာ။ စုဘဝမှာ မောင်ကလွဲပြီး ဘာမှ များများစားစား ပိုင်ဆိုင်စရာမရှိဘူး။မောင်က စုရဲ့ တစ်ခုတည်းသော မိသားစုလို့ပဲ စုထင်တယ်။
မောင်ကလေ ...အိပ်ပုတ်ကြီးသလောက် အစားလဲအရမ်းကြီးတာ။ မောင့်ကို မနက်တိုင်း စုသွားနိုးရသလို မောင်မုန့်ဖိုးမလောက်တဲ့ အချိန်တိုင်းလဲ စုမုန့်ဖိုးထဲကနေ ခွဲပေးရတယ်။ စတုတ္ထတန်းရောက်တဲ့ထိတောင်မှမောင်က စုဆီကို လာပြီး "မမ..မုန့်ဖိုး.." ဆိုပြီး လက်ဖြန့်တောင်းနေကျ။
စုဆီက မုန့်ဖိုးရရင် မောင်က ပါးကို ရွတ်ခနဲ နမ်းတတ်သေးသည်။စုပေးတဲ့ မုန့်ဖိုးတွေကို မောင်က မုန့်ဝယ်စားတယ်ထင်ပေမယ့် ချစ်သူများနေ့မှာတော့ စုလိုချင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို မောင်က ဝယ်လာပေးတယ်။ ဒါများ ဘာလို့ မောင့်မုန့်ဖိုးနဲ့ မဝယ်ပေးတာလဲဆိုတော့ "မောင့်မုန့်ဖိုးနဲ့ ဝယ်ပေးရင် မောင်မုန့်ငတ်သွားမှာပေါ့" တဲ့။တကယ့်ကို အလည်လေးဆိုပြီး မောင့်နှာတံလေးကို ရဲသွားအောင် ညစ်ပစ်လိုက်တယ်။ အဲ့လိုလုပ်တိုင်းလဲ မောင်က တအအ အော်ပြီး ‌မမကြောင့် မောင့်နှာခေါင်းထိပ်က မှဲ့လေးတောင် ပျောက်တော့မယ်တဲ့လေ။" ပျောက်လဲ အေးရောလေ...နှာခေါင်းမှာ မှဲ့နဲ့ မောင်က ခွေးပေါက်လေးလား "ဆိုတော့ "မမရဲ့ ခွေးပေါက်လေး"ဆိုပြီး ပြန်ပြောနေကျ မောင့်အသံလေးကို စုကြားယောင်မိတုန်းပဲ။
စု အထက်တန်းရောက်တော့လဲ အလယ်တန်းပဲရှိသေးတဲ့ မောင်က သူများတွေလို ရည်းစားမထားပဲ စာပဲလုပ်ဖို့ တဖွဖွမှာပြန်တယ်။ ကျောင်းပြီးရင်တော့ ထားလို့ရတယ်ပေါ့ လို့ မေးကြည့်တော့လဲ မရဘူးဆိုပြီး နှုတ်ခမ်းစူတယ်။ မောင်ပဲ မမရဲ့ ရည်းစားလုပ်မှာတဲ့။ စုလေ...မောင့်ကို ရယ်မိပြီး ရည်းစားက ဘာလို့လုပ်မှာလဲ ပြန်မေးတော့ ...
"မေမေကပြောတယ် မမစုနဲ့ အမြဲနေချင်ရင် ကြီးလာရင် မမစုရည်းစားလုပ်တဲ့...အာ့ကြောင့် မေမေ ပြောသလို လုပ်မလို့"တဲ့။ အန်တီကလေ...ကလေးကို မဟုတ်က ဟုတ်က လျှောက်ပြောပြီလို့ စုတွေးမိပြီး မောင့်ကိုလဲ ထိပ်ခေါက်တယ်။
မောင်က နာသွားတဲ့ သူ့နဖူးသူပွတ်ရင်းလဲ မမစုရည်းစားမလုပ်ချင်တော့ဘူးဆိုပြီး ငြီးရင် စုအော်ရယ်မိတယ်။
စု အထက်တန်းပြီးသွားတော့ မောင်နဲ့ အမှတ်တရတွေလား..? မရှိတော့ဘူး။ စု ဖေဖေနဲ့ မေမေ ကွာရှင်းကြပြီး မေမေက စုကိုတောင် လှည့်မကြည့်ပဲ အိမ်ပေါ်က ဆင်းသွားတယ်။ စုလဲ မေမေ့ကိုလိုက်မဆွဲမိဘူး...စုနဲ့ စုမေမေ အဲ့လောက်ထိ မရင်းနှီးဖူးတာမို့။ အရင်နေ့တွေက မေမေ့ဖဲဝိုင်းကြောင့် ဆူညံနေတဲ့ အိမ်မှာ မနေချင်လို့ မောင့်အိမ်မှာပဲ အမြဲနေခဲ့ပေမယ့် အဲ့နေ့လေးမှာတော့ အိမ်ကတိတ်ဆိတ်လွန်းလို့ မောင့်အိမ်ကိုပဲ သွားခဲ့ပြန်တယ်။ စုမငိုပေမယ့် မောင့်မေမေက စုကို နှစ်သိမ့်ပေးတယ်။ စုအိမ်မှာ မနေချင်တော့လို့ မောင်ပြောသလို မောင့်ရည်းစားလေး လုပ်ရမယ်ထင်တယ်လို့ ပြန်စတော့ ၆တန်းတက်ထားတဲ့ ကောင်လေးက ပါးတွေနီရဲနေတယ်။ အဲ့မြင်ကွင်းလေးက စုဘယ်တော့မှ မမေ့ချင်တဲ့ မောင့်ရဲ့ ပုံစံလေးပဲ။ စုအသက် ၁၈ပြည့်တဲ့ချိန်မှာပဲ စုဖေဖေက စုကို အင်္ဂလန်မှာ ကျောင်းတက်ဖို့ ပြောခဲ့တယ်။
အဲ့နေ့အကြောင်း ပြန်တွေးလိုက်ရင်တောင် စုငိုချင်နေတုန်းပဲ။ မောင်နဲ့ ခွဲလာရတာ မနေ့တစ်နေ့ကလိုပဲ စုခံစားနေရတုန်းလေ။ စုနဲ့ဖေဖေ စကားများတဲ့ညက မိုးရေထဲမှာပဲ စုပြေးပြီး မောင့်အိမ်ကို သွားခဲ့တယ်။ ဘယ်အချိန်မှာမဆို စုတွေးမိတာ မောင်ကိုပဲ။ မောင်က ကလေးလေးဆိုပေမယ့် စုကိုနားလည်တယ်။ စုပုခုံးလောက်ပဲ ရှိသေးတဲ့ မောင်က စုကို ဖက်ထားပေးတယ်။ မောင်လဲ ငိုနေခဲ့တယ်။ စုမောင့်ကို မခွဲနိုင်သလို မောင်လဲ စုကို ခွဲချင်မှာ မဟုတ်ဘူးလေ။ မောင့်ကို မငိုဖို့ ပြောချင်ပေမယ့် စုကိုယ်တိုင်က ငိုနေမိတာမဟုတ်လား။ စုဟာလေ...မောင်နဲ့ ပက်သက်ရင် ပျော့ညံ့လိုက်လေခြင်း။ အငိုမတိတ်တဲ့ စုနဲ့မောင်ကို မောင့်မေမေကပဲ ချော့ရတယ်။ ပြီးတော့ မောင့်မေမေက မောင့်ကို ပြောတယ်။ မောင်ကြီးလာရင် စုရှိတဲ့ နိုင်ငံကို ပို့ပေးပါမယ်တဲ့။မောင်က ကတိတွေ အထပ်ထပ်တောင်းပြီး ကျေနပ်သွားတော့ စုကို လူကြီးပြန်လုပ်တယ်။သွားပါတဲ့။ မောင် လူကြီးဖြစ်လာရင် မမစုဆီ လိုက်လာမှာပါတဲ့လေ။ စု မယုံချင်ပေမယ့် ကျေနပ်မိတာအမှန်။ မောင်ကျောင်းဖွင့်တဲ့နေ့လေးမို့ စုကို လေဆိပ်မပို့ရပေမယ့် မောင်က မနက်အစောကြီး သူဆွဲထားတဲ့ ပုံလေးကို စုလက်ထဲ ထိုးပေးလာတယ်။ မောင့်မျက်နှာလေးကို စုမေ့သွားမှာစိုးလို့ပါတဲ့။မောင်ဆွဲထားတဲ့ ပုံလေးကလေ မောင့်မျက်ခုံးထူထူ နှုတ်ခမ်းပါးပါး ၊ နှာထိပ်ပေါ်က မှဲ့လေးကလွဲရင် မောင်နဲ့ တစက်လေးမှ မတူဘူး။ မောင်က မောင်ဆွဲထားသလိုမှ ရုပ်မဆိုးတာ။မောင့်ရဲ့ ခပ်ချောချော မျက်နှာလေးကို ၇နှစ်ကြာပြီးတာတောင် စုမမေ့ဖူးဘူးလို့များ ပြောလိုက်ရင် မောင်အံ့ဩသွားမလားရင်ခုန်မိတယ်။ ဒါပေမယ့် ၇နှစ်မြောက်မှာတော့ မောင်က အသက်၂၀တောင် ပြည့်တော့မှာလေ။မောင် ဘာများပြောင်းလဲသွားမလဲဆိုပြီး စုရင်ခုန်မိတယ်။ စုကို မမှီမကမ်းလှမ်းလှမ်းဖက်ရတဲ့ စုရဲ့ခွေးပေါက်လေးက အခုရော မမစုကို ဘယ်လို စောင့်ကြိုနေမလဲဆိုတာ စုအရမ်းကို သိချင်နေပြီ။ လေယာဉ်ထက် ပိုမြန်တဲ့ လမ်းပန်းဆက်သွယ်ရေးရှိသေးရင် ကောင်းမှာပဲ လို့သာ စုတွေးပြီး သက်ပြင်းချနေမိတော့သည်။

မောင် မချစ်တဲ့ မိန်းမ                     (The girl he doesn't love)Where stories live. Discover now