အကယ်၍ လူတစ်ယောက်က ကျွန်မဘဝတွင် နောင်တအရဆုံးအချိန်ကို ပြောပြပါဟု မေးခွန်းထုတ်လျှင် ကျွန်မ သူ့ကို စူးစူးနင့်နင့် ချစ်မိသွားသော အချိန်ဟု ဖြေဆိုပါမည်။
လူတစ်ယောက်ကို ချစ်ဖို့ အချိန်ဘယ်လောက် ယူရမည်မှန်း ကျွန်မ မသိပါ။ ကျွန်မ သိသည်ကတော့ ကျွန်မ သူ့ကို စွဲလမ်းမိသွားသော အချိန်သည် တစ်စက္ကန့်၏ သုံးပုံတစ်ပုံလောက်တောင် ကြာမည်မထင်ပါ။
ကျွန်မနှင့် သူ စတင်တွေ့ဆုံခဲ့သော နေ့သည် တနင်္လာနေ့ ညနေ ၅နာရီ ဝန်းကျင်ခန့်တွင်ဖြစ်သည်။
ကျွန်မတို့နှစ်ယောက်တွေ့ဆုံမှုဟု သုံးနှုန်းလိ်ုက်ရသော်လည်း အမှန်တကယ်တော့ ကျွန်မဘက်က တစ်ဖက်သတ်တွေ့ဆုံမှုပင်ဖြစ်သည်။
ထိုနေ့က ကျွန်မသည် mainbuilding ရှေ့ခုံတန်းလေးတွင် wifi ဖြင့် ဆရာမ မစန္ဒာ၏ ဝတ္ထုတချို့ကို downloadဆွဲနေခဲ့ပါသည်။
တဖက်မှာလည်း ဝတ္ထုကို downloadဆွဲကာ ကျန်တဖက်မှာလည်း ML ကို အသည်းအသန် ငုံ့တိုက်နေသော ကျွန်မသည် အနည်းငယ် ဆူညံလှသော အသံများကြောင့် ဘေးဘီသို့ လှည့်ပြီး စူးစမ်းလိုက်သည်။ အခုမှ အတန်းဆင်းလာပုံရသော ကျောင်းသူကျောင်းသားများ၏ တစ်ယောက်တစ်ပေါက် စကားပြောသံများပင်ဖြစ်သည်။ကျွန်မ မျက်မှန်းတန်းမိသော ကောင်မလေးကို ပြုံးပြလိုက်ပြီး gameပြန်ဆော့ဖို့ပြင်လိုက်စဉ်မှာပင် သူမ၏ အနောက်ဖက် ခပ်စောင်းစောင်းတွင် သူငယ်ချင်းနှင့် စကားပြော၍ လမ်းလျှောက်လာသော သူသည် ကျွန်မ၏အမြင်အာရုံကို ဖမ်းစားလိုက်သည်။
ယောက်ျားလေးများကို တော်ရုံတန်ရုံကြည့်လေ့မရှိသော ကျွန်မသည် သူ့ကိုတော့ စက္ကန့်အနည်းငယ်ကြာအောင် ကြည့်လိုက်မိသည်ထင်သည်။
ဖြူပြာဝတ်စုံကိုသာ သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ရှင်းသန့်နေသော သူ့ပုံစံသည် ကျောင်းသားများထဲတွင် တမူထူးခြားမနေပါ။ ထူခြားသည်က စကားပြောလိုက်တိုင်း ခွက်ဝင်သွားတတ်သည့် ပါးချိုင့်တစ်ဖက်ပင်ဖြစ်သည်။
love in the first sightကို ပြင်းပြင်းထန်ထန် ကန့်ကွက်သော ကျွန်မသည် သူ၏ ညာဘက်ပါးပေါ်က ပါးချိုင့်တစ်ဖက် အောက်မှာတင် ရှုံးနိမ့်စွာ နစ်မြှုပ်ဝင်ခဲ့ရပါသည်။