1

4 0 0
                                    

'ဒါ ဒါ ဒါဒီးဒါ  ဒါ ဒါ ဒီဒါဒီဒါ ဒီ ဒါး ဒါး ဒါ ဒါ ဒါဒီးဒါ ဒါ ဒါ ဒီဒါဒီဒါဒါး '

ဝိုင် တစ်ယောက်တည်း အဆောင်၀ရန်တာ ဘေးမှာ စာကျက်ဖို့နေရာယူရင်း သကြင်္န် သီချင်းတီးလုံးလေး ညည်းနေမိသည်။ ဒီတစ်ညနေကို ကျော်လွန်ပြီးရင် နောက်ထပ်စာကျက်ရဖို့ဆိုတာ မရှိတော့သလိုမျိုး စိတ်ကျေနပ်မှုအပြည့်နဲ့ပေါ့။ မနက်ဖြန်ဆို သူတို့ကောလိပ်ရဲ့ နောက်ဆုံးစာမေးပွဲရက်ပဲလေ။

'ဟဲ့ မိဝိုင် ငါယူမယ့်နေရာလေးကို နင်ဦးသွားတာပေါ့လေ'

ပုခုံးပေါ် ဆက်ခနဲ ရိုက်ချရင်း ပြောလာတဲ့သူက ဝေဝေ။ ဝေဝေ က အဲ့လိုပဲ အမြဲပါးစပ်ထက် လက်ကအရင်ရောက်တတ်တာ။ သူနဲ့ဝေဝေက အခန်းဖော်တွေမဟုတ်ပေမယ့်လည်း တစ်ဆောင်တည်း အတူနေတဲ့အခန်းနီးဖော်တွေပေါ့။ ဝေဝေ လို့ ဝိုင် တို့အမြဲခေါ်တတ်တဲ့ သူမနာမည်က ဝေမွန်ဦး။ ဝေဝေ က ဝိုင်တို့လို ကရင်ပြည်နယ်က မဟုတ်ဘူး။ သူက မွန် မစစ်တဲ့ မွန်ပြည်နယ်က မွန်မ။ ဘယ်ကနေ ဘယ်လို ဘားအံပညာရေး‌ေကာလိပ်ကို တက်ခွင့်ရသွားလည်းတော့ ဝိုင်လည်း သေချာမသိဘူး။ မမေးဖြစ်တာလည်း ပါမှာပေါ့။

'ဟယ် ဖြစ်ရတယ် အရင်ရောက်သူ အရင်နေကြေးလေ'

'ဟွန့် ငါလည်း တစ်၀က်နေမယ်'

'ဟဲ့ အာဗြဲကြီးနဲ့စာကျက်တတ်သူတွေ မနေနဲ့ နားငြီးရင် ငါမကျက်တတ်ဘူး'

'မလေ ကြီးကျယ်လိုက်တာ။ ငါကလည်း နေချင်လို့မဟုတ်ဘူးနော်။ ဒီနေရာကကြည့်ရင် ကျောင်းဆောင်ရှေ့က ပိတောက်ပင်ကြီးမြင်ရလို့သာ။ ငါလေ အဲ့ပိတောက်တွေပွင့်နေတဲ့အပင်ကြီးကိုကြည့်ရင် တစ်မျိုးကြီးပဲ။ အိမ်ပြန်ချင်လို့ ငိုချင်သလိုလိုကြီး။ လွမ်းဆွေးဆွေးနဲ့ဟ။ နင်ရော'

ဟုတ်တယ်။ ဝေဝေပြောသလိုပဲ။ ဝိုင် တို့ တစ်ကျောင်းလုံးမှာ ပိတောက်ပင်ဆိုလို့ ဒီတစ်ပင်တည်းရှိတာ။ဝိုင်တို့ စာမေးပွဲဖြေတဲ့ ဒီလို လဆို တစ်ပင်လုံးဝါထိန်နေအောင် ပွင့်တာ။ ပြီးရင် ဘယ်ကဖွင့်မှန်းမသိတဲ့ သကြင်္န်သီချင်းတွေကလည်း ကြားရသေးတယ်။ အဲ့တော့ သကြင်္န်သီချင်း နဲ့ ပိတောက်ပင်  ကိုကြည့်ရင် နွေခေါင်ခေါင်ဟာ လွမ်းစရာပေါ့။

'အေးနော် ငါလည်းအိမ်ပြန်ချင်နေပြီ။ မနက်ဖြန် စာမေးပွဲပြီးတာနဲ့ ငါက တန်းပြန်ချင်တာ။ အဆောင်မှူးက နောက်တစ်နေ့မနက်မှ ပြန်တဲ့ ဂွမ်းရောပဲ။'

'ငါ့ကိုလည်း အားနာပါဦးဟဲ့။ တစ်ပတ်တစ်ခါ အိမ်ပြန်နေရတဲ့သူက ၄လလုံး မပြန်ရသေးတဲ့ငါ့ကိုလည်း အားနာပါဦး'

ပြောမိပြီးမှ ဝေဝေ့ကို အားနာသွားသလိုလိုပဲ။ ဝိုင်တို့က ကောလိပ်ဆိုတော့ ညအိပ်ညနေ နေရတာ။ စနေနဲ့ တနင်္ဂနွေပဲ အပြင်ထွက်ခွင့်ရတာ။ ဒါတောင် နေ့ထွက် နဲ့ ညထွက်ဆိုပြီး ခွဲထား။ ညထွက်ယူရင်တော့ သောကြာညနေ ထွက် တနင်္ဂနွေညနေ ၆နာရီပြန်၀င်ရတယ်။ အဲ့တော့ များသောအားဖြင့် ပြန်ရဝေးတဲ့သူတွေက ညထွက်မယူကြတော့ဘူး။ ကျောင်းကြီးပိတ်မှပဲ ပြန်ကြတော့တာ။ နေ့ထွက်ကြတော့ မနက်၆နာရီကနေ စထွက်လို့ရတယ်။ ညနေ၆နာရီမထိုးခင် အမီပြန်လာရတယ်။

'ဝေမွန်ဦး နဲ့ ဝိုင်ချိုဦး ၆နာရီထိုးတော့မယ်။ ဘုရားရှိခိုးချိန်'

'လာပြီဟေ့ လာပြီ။ အောက်ထပ်က ညီမလေးတို့ ဘုရားရှိခိုးချိန်ရောက်ပြီ'

အဆောင် EC ရဲ့ ဆော်ဩသံကြားမှ နှစ်ယောက်သား အလွမ်းကြောက လွတ်မြောက်တော့တယ်။ ညနေ၆နာရီတိုင်း အဆောင်တိုင်းက အဆောင်သူတွေအားလုံး ကိုယ့်အဆောင်ရဲ့ ဘုရားခန်းမှာ ဘုရားစုရှိခိုးရတယ်။ ဘုရားရှိခိုးပြီးတာနဲ့ အဆောင်မှူးက လူစစ်မယ်။ ပြီးရင် ကိုယ်ပိုင်စာကျက်ချိန်ပဲ။ ၉နာရီအထိ ကျက်ရတာ။ ခိုးအိပ်လို့ အဆောင်မှူး roundတဲ့အချိန်နဲ့တိုးရင် ဆယ်ဘ၀လောက်လွင့်အောင် အဆဲခံရလိမ့်မယ်။ဒါက ကောလိပ်ရဲ့ထုံးစံပဲ။ ဒါတောင် ကိုယ်တွေက နောက်ဆုံးနှစ် စီနီယာပီပီ ညီမလေးတွေကို အဆူမခံရအောင်လို့ ဘုရားရှိခိုးချိန်ဆော်ဩပေးတာ။

မိန်းကလေးသီးသန့်ကောလိပ်ကျောင်းမို့ တစ်ခြားကောလိပ်တွေထက် စည်းကမ်းတင်းကျပ်တယ်။စာမေးပွဲရာသီမို့ ဘုရားခန်းလာဖို့ တကူးတကတော့ခေါ်စရာမလိုပါဘူး။ အားလုံးက ဘုရား မ နတ် မ ဖို့ ဆုတောင်းကြမယ့်သူတွေချည်းပဲလေ။ ဒီထဲကမှ တစ်ချို့ကတော့ အထူးအောင်ပြီး B.Edတက်ခွင့်ရဖို့ပဲ။ ဒါဆို ရန်ကုန်သွားရမှာလေ။ ပြီးတော့ အထက်တန်းပြဖြစ်မှာ။ ဒီဆုကိုတောင်းတဲ့သူတွေကတော့ အများဆုံးပေါ့။ အဲ့ထဲမှာ ဝိုင် လည်းပါတယ်။ ဘ၀ကို ဇောက်ထိုးမိုးမျှော်တွေဖြစ်အောင် လုပ်နိုင်တဲ့သူတစ်ယောက် ရှိနေတဲ့နေရာဆိုတာကို မသိဘဲနဲ့ပေါ့။

Hard To LoveWhere stories live. Discover now