|| ချစ်သူရည်းစားဆက်ဆံရေးတွေမှာ (၁၀) နှစ်တာကျိန်စာရှိတယ်တဲ့။ အဲ့ကျိန်စာကိုကျော်လွန်သွားနိုင်ရင်တော့ ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်လက်တွဲသွားနိုင်ပေမဲ့ မကျော်လွန်နိုင်ခဲ့ရင်တော့ အချစ်တွေသေဆုံးပြီး ကွဲကွာသွားတတ်ကြတယ်။ ||
နွေဦးလေပြေ၏ အငွေ့အသက်တို့က နေရာတိုင်းပျံ့ကြဲလို့နေသည်။ ချယ်ရီပန်းလေးများက အကိုင်းအခက်တို့ပေါ် လှပစွာဖြင့် ငွားငွားစွင့်စွင့်ဖူးပွင့်နေလေရဲ့။ တိုက်ခတ်လာသည့် နွေလေပူပူနှင့်ဆန့်ကျင်စွာပင် ကျန်းဟောင့်၏ စိတ်အစဉ်တို့က ငြိမ်သက်လွန်းနေခဲ့သည်။
" ငါဘာလုပ်ပေးရမလဲ ဟာအို "
" ငါဘာလုပ်ပေးမှ မင်းပြန်လာမှာလဲ "
သူ့မျက်စိရှေ့ရှိ ထိုယောက်ျားသည် မျက်မှောင်ကိုအစွမ်းကုန်ကြုတ်ထားကာ နောင်တအငွေ့အသက်တို့ပါနေသည့် မျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းများက တဖန်ငွေ့ရည်ဖွဲ့သွားသည့်အခါ ထိုယောက်ျားသည် သူ့ကိုအကြည့်လွှဲသွားတော့၏။ တစ်ချိန်က ကျန်းဟောင့်သည် ထိုသူ၏မျက်ရည်များကိုမြင်ရတိုင်း ရင်ထဲနာကျင်ခဲ့ဖူးသည်။ ထိုသူမျက်ရည်မကျစေရန်အတွက် ဘာမဆိုသူဖြည့်ဆည်းပေးခဲ့ဖူးပါသည်။ ယခုတော့ သူမမြင်ချင်ဆုံး မျက်ရည်တွေကို မြင်နေရပါသည့်တိုင် တည်ငြိမ်လွန်းမက တည်ငြိမ်နေသည့် သူ့ကိုယ်သူလည်း ကျန်းဟောင့်အံ့ဩမိပါ၏။
" အချစ်ကိုမခံစားရတော့ဘူး ဟန်ဘင်း "
မျက်ရည်တို့ဝေ့သီမနေတော့သော်လည်း မျက်ခမ်းစပ်တို့ရဲနေဆဲ ထိုယောက်ျားသည် ဘာအသံမှမထွက်ဘဲ ကျန်းဟောင့်ကိုငေးကြည့်နေခဲ့သည်။
" ငါ မင်းဆီကအချစ်ကို မခံစားရတော့တာ ကြာပြီ။ "
" ငါမနေ့ကပြောလိုက်တဲ့စကားတွေကြောင့်လား ဟာအို၊ ငါတောင်းပန်ပါတယ်ကွာ၊ ငါတကယ်စိတ်ဆတ်နေတုန်းမို့ မပြောသင့်ဘဲ ပြောလိုက်မိတာ။ ငါတကယ်တောင်းပန်တာမို့ ဒီလိုမလုပ်ကြရအောင်လေနော်။ "
" တောင်းပန်တယ်ဟုတ်လား။ ဒါဆိုမင်းပြောလိုက်တဲ့စကားတွေထဲက ဘယ်ဟာကငါ့ကိုနာကျင်စေသွားလဲဆိုတာပြန်ပြောပြလေ "