"အယ်.. ကျန်းဟောင့်မလား? "
နားထဲတိုးဝင်လာသောအသံလားရာကိုလှမ်းကြည့်တော့ ကျောင်းနေဖက်သူငယ်ချင်းဟောင်းဖြစ်လို့နေသည်။
" မတွေ့တာတောင်ကြာပြီဟာ၊ နင်နိုင်ငံခြားထွက်သွားတယ်ဆို "
" ဟုတ်တယ်၊ ပြန်ရောက်တာတော့တစ်နှစ်လောက်ရှိပြီ။ နင်ရောဆောယွန်း၊ နင့်ကောင်လေးနဲ့ယူတော့မှာဆို "
" သတင်းကမြန်လိုက်တာနော်၊ နင့်ကိုဘယ်သူပြောတုန်း "
" ဟိုကကြားဒီကကြားပေါ့ "
ဆောယွန်းက တဟားဟားအော်ရယ်သည်။ နဂိုကတည်းက သိမ်သိမ်မွေ့မွေ့သိပ်မဆန်သည့် ဆောယွန်းဟာ ကျောင်းတက်နေတုန်းကအတိုင်းပင်မပြောင်းမလဲ။ ပြောင်းလဲသွားသည်က ဆောင်းဟန်ဘင်းတစ်ယောက်ပဲဖြစ်ပါလိမ့်မည်။
" ငါ့ထက်အရင်လက်ဦးသွားတဲ့ နင့်သူငယ်ချင်းကြီးရှိပါသေးတယ်နော် "
ကျန်းဟောင့်နားမလည်သလိုပြန်ကြည့်နေတော့ ဆောယွန်းကအံ့ဩသွားသလို။ တစ်ခဏအတွင်း သူ့အလုပ်သူပြန်လုပ်သွားသောဦးနှောက်ကို ကျန်းဟောင့်ဖောက်ထုတ်ပစ်ချင်မိသည်။ သူ့ဘဝတွင်သူငယ်ချင်းဆိုလို့ ဆောင်းဟန်ဘင်းတစ်ယောက်သာရှိသည်လေ။ စက္ကန့်ပိုင်းအတွင်း ကြားလာရတော့မည့် ဆောယွန်းစကားတို့က သူ့အတွက် ကားစင်တင်ကာ လည်စင်းအသတ်ခံရတော့မည့် သေမိန့်ကဲ့သို့ပင်။
" နင်မသိဘူးလား ဆောင်းဟန်ဘင်းစေ့စပ်သွားပြီလေ "
ကျန်းဟောင့်၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသလို။ သူတို့ပြတ်စဲပြီးတစ်လမပြည့်ခင်မှာပဲ ဆောင်းဟန်ဘင်းက တခြားတစ်ယောက်ရသွားမည်လို့ ယောင်ယမ်းပြီးတောင်မထင်ခဲ့မိ။ သူ့ကိုမချစ်တော့မှန်းသိပေမဲ့လည်း တခြားတစ်ယောက်နှင့် စေ့စပ်ဖို့အထိ ပြင်ဆင်နေခဲ့မှန်း ကျန်းဟောင့်နည်းနည်းလေးတောင်မရိပ်မိခဲ့ပါချေ။
" ကျန်းဟောင့်? "
" အာ.. အင်း၊ ဟုတ်တယ် မသိလိုက်ဘူး။ သူနဲ့ငါသိပ်အဆက်အသွယ်မရှိတာကြာပြီလေ "
" ဟယ် ဘယ်လိုဖြစ်လို့လဲ။ နင်တို့အနုပညာတက္ကသိုလ်ထိ အတူတက်ခဲ့ကြတာမလား "
