နွေနေကြောင့် အရည်ပျော်လုနီးပါးဖြစ်နေသော မျက်စိရှေ့မှရေခဲမုန့်ကို ကျန်းဟောင့်စိုက်ကြည့်နေမိသည်။ သူ့အကြိုက်ကို ဟန်ဘင်းကသေချာမှာပေးထားတာဖြစ်သော်လည်း အရင်တုန်းကလိုတော့ အရည်မပျော်ခင်ကုန်အောင်စားဖို့ ဘေးကနေတတွတ်တွတ်ပြောမနေတော့ချေ။
" မတားတော့ဘူးလား ဟန်ဘင်း "
" ငါကဘာလို့တားရမှာလဲ ဟာအိုရဲ့၊ ဒါမင်းရဲ့အိပ်မက်ပဲမဟုတ်ဘူးလား "
သူ့ကိုအမြဲလိုလို "ဟာအို" လို့နူးနူးညံ့ညံ့ခေါ်တတ်သည့် ဟန်ဘင်းက သည်တစ်ကြိမ်တွင်လည်း အေးအေးချမ်းချမ်းပြုံးပြလို့နေပြန်သည်။ ပါးပေါ်ကအရစ်ကလေးတွေပေါ်သည်အထိ ပြုံးပြနေပေမဲ့ မျက်ဝန်းတို့ကအသက်မပါနေသည်ကိုကြည့်ခြင်းအားဖြင့် ဟန်ဆောင်နေမှန်း ကျန်းဟောင့်သိနေပါ၏။ သူတို့နှစ်ယောက်ဟာ ချစ်သူတွေအဖြစ် (၈)နှစ်တာ ရင်းနှီးနေခဲ့ပြီးသားဆက်ဆံရေးမဟုတ်ပါလားလေ။
" ငါ့အိပ်မက်ဆိုတာမှန်ပေမဲ့ မင်းသာတားရင် ငါမသွားဘဲနေလို့ရတယ် ဟန်ဘင်း၊ ငါဒီနိုင်ငံမှာပဲ တယောသင်တန်းကျောင်းတစ်ခုမှာ ဆရာပြန်လုပ်ရင်း မင်းအနားမှာပဲနေလို့ရတယ်လေ "
မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးစလုံးကို တစ်ပြိုက်နက်တည်း ဆုံးရှုံးလိုက်ရသည့် သည်နိုင်ငံကြီးမှာ ကျန်းဟောင့်မနေချင်ပါ။ သို့တိုင် ဟန်ဘင်းသာတားလိုက်မည်ဆိုပါက ငရဲလိုနေရာမျိုးတွင်လည်း သူနေရဲပါသည်။ ဟန်ဘင်းကတော့မတားခဲ့ပါချေ။
" ပညာသင်စုလည်းရထားပြီးပြီ၊ အကုန်လုံးပြင်ဆင်ထားပြီးပြီလေ။ နိုင်ငံခြားမှာဒီပညာရပ်ကို အထူးပြုပြီးထပ်သင်ချင်တာက မင်းတစ်ဘဝလုံးဖြစ်ချင်နေခဲ့တာမဟုတ်ဘူးလား၊ မင်းတက်လမ်းကို ငါမပိတ်ချင်ပါဘူး ဟာအိုရယ် "
" ဒါဆို မင်းကရော ဟန်ဘင်း... ငါ့ဆီကို မင်းလိုက်လာမှာလား "
တိတ်ဆိတ်ခြင်းကြီးစိုးသွားသည့် လေထုထဲတွင် ဝမ်းနည်းမှုအငွေ့အသက်တို့ကထင်ကျန်သည်။ လက်တစ်ကမ်းအလိုက အရည်ပျော်သွားပြီဖြစ်သော ရေခဲမုန့်ခွက်လိုပင် ကျန်းဟောင့်မျက်ရည်တွေကလည်း စတင်ပြိုကျလာတော့မည်ထင်ပါရဲ့။ သို့သော်သူငိုလို့မဖြစ်။ အဖြေသိနေပြီးသား မေးခွန်းတစ်ခုကို သူမမေးခဲ့သင့်ပါ။ သည်အချိန်မှာအနာကျင်ရဆုံးက ဟန်ဘင်းဖြစ်နေမည်ကိုသိလျက်နှင့်ပင် မေးထွက်ရက်သည့် သူ့ကိုယ်သူ ဆွဲထိုးပစ်ချင်မိသည့်စိတ်တို့ကတဖွားဖွားပေါ်ပေါက်လာခဲ့ရသည်။