ဆိုးလ်မြို့တစ်ခုလုံးကို နှင်းဖွေးဖွေးတွေဖြင့် လွှမ်းခြုံထားသော ဆောင်းရာသီကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံး အေးမြလို့နေသည်။
နိုဝင်ဘာလရဲ့ အစပိုင်းသာရှိသေးသော်လည်း တစ်ဖွဲဖွဲကျဆင်းနေသည့် နှင်းစက်တွေက သစ်ပင်ပေါ်မှသစ်ရွက်လေး ကြွေသလို မြေပြင်ထက်ကို ညင်ညင်သာသာဖြင့် ဝေ့ကာဝဲကာ...။
မနက်ပိုင်းပဲရှိသေးသည့်တိုင် နှင်းကျနေတာကြောင့် အရင်နေ့တွေကထက် ပိုလို့အေးမြနေပြီး လမ်းပေါ်ကလူတွေအားလုံးလိုလို အနွေးထည်ထူထူကြီးတွေဖြင့် လှုပ်ရှားသွားလာနေကြ၏။ထိုသို့ အေးခဲနေသည့် ရာသီဥတုထဲမှာတောင် ပြေးလွှားနေသည့် ကောင်လေးတစ်ယောက်။
ရှုးဖိနပ် အဖြူရောင်စီးထားသောခြေလှမ်းတွေ တစ်လှမ်းပြေးတိုင်း သူ၏အညိုရောင် လောင်းကုတ်အရှည်ကြီးရဲ့အနားစတွေက တစ်ဖျတ်ဖျတ် လွင့်ခါနေသလို လှိုင်းတွန့်သဏ္ဌန်ခပ်ကွေးကွေးဆံပင်တွေဟာလည်း လေအရှိန်ဟပ်ခံရတာမို့ နောက်သို့ဝဲခါနေလျက်ရှိ၏။
ကျောပိုးအိတ်ကိုလွယ်ထားပြီး လက်ထဲမှာတော့ ဖိုင်တွဲတစ်ပွေ့တစ်ပိုက်နဲ့ ပြေးလွှားကာ အရေးကြီးနေပုံရသည့် ထိုကောင်လေးရဲ့ ဦးတည်ရာက ဘတ်စ်ကားဂိတ်သို့ဖြစ်သည်။
ပုံမှန်နေ့တွေထက် နာရီဝက်ကွာပြီးမှ နိုးလာခဲ့သည့် ထယ်ယောင်းအဖို့ ဒီနေ့မနက်ခင်းက အတော်လေး အစီစဉ်မကျ။
ညက အတော်လေးနောက်ကျမှ အိပ်ယာဝင်မိသဖြင့် ဒီနေ့ အိပ်ယာထနောက်ကျခဲ့တယ်လေ။
အရေးထဲ မာဖလာပတ်ဖို့ မေ့ခဲ့ပြန်တာမို့အေးနေသည့် ရာသီဥတုကိုသာ အပြစ်တင်မိတော့သည်။
တော်သေးတယ်...။အနည်းဆုံးတော့ လောင်းကုတ်ရှည်ဝတ်လာလိုက်လို့...။
မဟုတ်ရင် အအေးမိတော့မှာ ကျိန်းသေပေါက်ပင်။စီးရမည့် ဘတ်စ်ကားရောက်လာတော့ ကားပေါ်တက်ပြီးနောက် အဆင်းပေါက်နားကထိုင်ခုံမှာ နေရာလွတ်နေတာမို့ထယ်ယောင်း ဝင်ထိုင်လိုက်၏။
ထို့နောက် လက်ထဲက ဖိုင်တွဲကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း မျှော်လင့်ချက်တို့ ပြည့်နိုင်ဖို့ရာကိုလည်း စိတ်ထဲ၌ ဆုတောင်းနေမိသည်။