Z
Ch-1
ပိန်းပိတ်နေအောင်မှောင်သော အခန်းငယ်တစ်ခုထဲတွင် ကောင်ငယ်လေးတစ်ယောက်က ထောင့်လေးတစ်ခုမှာ ဒူးကွေးထိုင်ကာ လက်တွေကတော့ သူ့အနားကနေ တစ်စုံတစ်ရာကို ခါချနေပုံပေါ်သည်။စမ်းချောင်းငယ်နှစ်ကြောင်းက တသွင်သွင်စီးသလိုမျိုး မျက်ရည်များကအဆက်မပြတ်စီးကျနေသည်။ အနီးကပ်ကြည့်သည့်အခါတွင်တော့ ကောင်ငယ်လေးခါချနေသည်က ပိုးဟပ်မျိုးစုံပင်။ တစ်ကောင်ပြီးတစ်ကောင်တက်လာနေသည်က အသဲယားဖွယ်အတိ။ ခါချနေပါသော်လည်း တက်လာနေဆဲပင်။
တစ်အောင့်ကြာသည့်အခါ ကောင်ငယ်လေးက အသက်ရှုကျပ်လာသည်။ မျက်ရည်များလည်း ကျရလွန်းလို့ မျက်ရိုးတွေလည်းကိုက်နေပြီ။ ခါချရလွန်းလို့လည်း လက်တွေလည်းညောင်းလှပြီ။ သူ ဒီအခန်းငယ်ထဲက ထွက်ချင်သည်။ ထွက်ခွင့်ပေးပါတော့။
အညိုရင့်ရောင်မျက်လုံးတစ်စုံက ဖြတ်ခနဲပွင့်လာသည်။ ချွေးများလည်းပြန်ကာ ရှေ့ဆံစတစ်ချို့က ချွေးများစိုကာ နဖူးပေါ်တွင် ကပ်နေသည်။ ကြည့်ရသည်မှာ ယခုလေးတင် အိပ်မက်ဆိုးတစ်ခုကိုမက်ပြီး နိုးလာသည့်ပုံပင်။ ထိုမျက်လုံးတစ်စုံက အိပ်ရာဘေးနားက စားပွဲပေါ်တွင်တင်ထားသော စားပွဲတင်နာရီကိုလှမ်းကြည့်လိုက်သည်။ အချိန်ကား မနက်၃နာရီအတိအကျကိုညွှန်ပြနေသည်။ အမှောင်အခန်းငယ်ထဲကကောင်လေးမှာ ထိုမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည့် ကောင်လေးဖြစ်သည်။
အမှောင်အခန်းငယ်ထဲကနေ ထွက်လာလာခွင့်ရသည့်အချိန်မှစ၍ ထိုအိပ်မက်ကို ညတိုင်း သူမက်သည်။ မက်ပြီးနိုးလာသည့်အချိန်တိုင်းကလည်း မနက်၃နာရီအတိက အမြဲပင်။ ပြန်အိပ်လျှင်လည်း မနက်ထသည့်အခါ အိပ်ရေးမဝသလိုဖြစ်ကာ ခေါင်းနောက်တတ်သည့်အတွက် သူထပ်မအိပ်ချင်တော့ပေ။ ထိုသို့နိုးလာသည့်အချိန်တိုင်း ကွင်းထဲကိုပတ်ပြေးလေ့ရှိသည်။ ဒီနေ့မနက်လည်းအရင်လုပ်နေကျကဲ့သို့ ကွင်းထဲပတ်ပြေးဖို့ရာ လုပ်ရတော့သည်။ အညိုရင့်ရောင် မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားသည့် ထိုသူက အိပ်ရာကနေခြေတစ်ဖက်ချရင်း နောက်တစ်ဖက်ပါလိုက်ချလာသည်။ ဘောင်းဘီ အတိုလေးသာဝတ်ထားရာ ပယင်းရောင်ခြေတံရှည်များက ကြည့်ရသည်မှာ ကောင်းလှသည်။ အမွှေးအမျှင်များက မထူသော်လည်း မပါးလှချေ။အပေါ်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်က ချွေးများစီးကျနေရာ အနည်းငယ်အရိုင်းဆန်သည့်ဘက်သို့ ရောက်နေသည်။ လက်မောင်းကြွက်သားများက တအားမထင်းထွက်နေသော်လည်း ကြည့်လိုက်တာနှင့် အားကျချင်စရာကောင်းလောက်အောင်တော့ရှိသည်။ ပခုံးကျယ်ကျယ်နှင့် ရင်အုပ်များကလည်း မိုက်လှသည်။ လက်ချောင်းများမှာ ရှည်ကာ သွယ်လျသည်ဆိုသော်လည်း လက်ဖဝါးများမှာမူ ကြမ်းရှရှဖြစ်နေသည်။