Chapter 8

381 60 1
                                    

(Unicode)

လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ဦးတို့၏ ပျော်ရွှင်မှုကို စာနာထောက်ထားသည့်အနေဖြင့် ဧကရာဇ်က ကျောက်ယဲ့လန် နှင့် ယန်မျင်ထျင်အား နန်းတွင်းသို့ သုံးရက်တိုင် မဝင်ရောက်စေခဲ့ပေ။

သုံးရက်တာ အနားယူချိန်က ဤလူနှစ်ယောက်အတွက် ထူးခြားလှသည်တော့ မဟုတ်ချေ။ ကျောက်ယဲ့လန်က ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် နံနက်ညီလာခံကို မကြာခဏ လွဲချော်ခဲ့ပြီး ယန်မျင်ထျင်ကလည်း နံနက်ခင်းတွင် တရားရုံးတော်သို့ သိပ်သွားလေ့ပင် မရှိခဲ့။

သို့သော်လည်း ယခင်ရက်များနှင့် လုံးဝ ထပ်တူညီနေသည်တော့ မဟုတ်ချေ။

နောက်ဆုံးတွင် သူတို့နှစ်ဦးက အကြင်လင်မယားဟု အမည်ခံထားကြပြီး သူတို့၏ နေ့စဉ်ဘဝတွင် နောက်ထပ်လူတစ်ယောက်ပါဝင်လာသည့်အတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အရာများစွာရှိလာခဲ့၏။

ကျောက်ယဲ့လန် ရေချိုးပြီးနောက်တွင် သူက ရင်ဘတ်အောက်နားတွင် အနုစိတ်စွာ ပန်းထိုးထားသည့် လက်အကွပ်တွင် ရွှေချည်ကြိုးနှင့် အနားတွင် အဖြူရောင်ချည်ဖြင့် ချုပ်ထားသည့် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ပြီး ကောင်းကင်တွင် မျောပါနေသည့် တိမ်တိုက်များကဲ့သို့ လမ်းလျှောက်လာခဲ့သည်။ ထိုကဲ့သို့ ချမ်းသာကြွယ်ဝပြီး မည်သူ့ကိုမျှ ဂရုမစိုက်တတ်သည့် စိတ်ထားကို ‌ပေါ်လွင်စွာ ဖော်ပြရန်မှာ တခြားသူများအတွက် ခက်ခဲပေလိမ့်မည်။ 

ယန်မျင်ထျင် သေချာပြန်ကြည့်လိုက်ရင်း သူသာ ထိုအဝတ်အစားကို ဝတ်ဆင်ပါက ပန်းပွင့်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကွမ်းကုံး(1)လို မလိုက်မဖက်နှင့် အဆီအငေါ်မတည့် ဖြစ်နေမည်ဟု ထင်မိသည်။

သူတို့နှစ်ယောက်သား ပင်မဆောင်တွင် ထိုင်နေ‌လိုက်ကြသည်။ ထုံးတမ်းစဉ်လာအရ ယနေ့နံနက်တွင် ယောက္ခမဖြစ်သူများအား လက်ဖက်ရည် ဆက်သကြရမည်။ ယန်မျင်ထျင်က အမွှေးတိုင်မီးရှို့ရန် အထိမ်းအမှတ်ကျောက်ပြားသို့ ခေါ်ဆောင်သွားခြင်းကို သွားရောက်လည်ပတ်ခြင်းအဖြစ် မှတ်ယူနိုင်၏။

After being forced to marry the evil star general (Myanmar Translation)Where stories live. Discover now