အချိန်ကား ၂လကြာသွားခဲ့ပြီဖြစ်၏။
အကြီးအကျယ် ရန်ဖြစ်ခဲ့သည့်နေ့မှစ၍ ယခုထိတိုင်
မတွေ့ဖြစ်တော့၍ ဆယ်ဟွန်းနဲ့ ဂျုံအင်
နှစ်ယောက်ကြားထဲတွင်လည်း ခံစားချက်တချို့
အနည်ကျသွားသလောက်ထိ ရှိနေခဲ့ပေပြီ။ပြန်တွေးမိတိုင်းမှာ နှလုံးသားတစ်ခုလုံးနဲ့ လှိုက်လှိုက်လှဲလှဲ
ချစ်ခဲ့ရတဲ့ မှတ်ဉာဏ်တစ်ခုအဖြစ်သာ
ရှိနေတော့သလိုမျိုး။ ဒီလူဟာ အတိတ်က
လူတစ်ယောက်သက်သက်သာ ရှိတော့သလိုမျိုး
သူတို့နှစ်ယောက်ကြားထဲတွင် အရာရာ
အေးစက်သွားသယောင်ဖြစ်နေခဲ့ပါသည်။~
စာမေးပွဲခန်းထဲက ထွက်လာသည့်အခါ ဂျုံအင့်စိတ်များ
ပေါ့ပါးသွားခဲ့သည်။ ဒီစာမေးပွဲကြောင့်ပင် အခုတလော
မအိပ်နိုင်သလို အစားလည်းသေချာမစားနိုင်။
နဂိုသေးသည့် ဂျုံအင့် ခန္ဓာကိုယ်လေးက အခုတော့
စက္ကူပျော့ဖတ်လေးနှယ် ပါးပါးလျလျလေးသာ ကျန်တော့တာဖြစ်၏။ဆယ်ဟွန်းနဲ့ တွဲနေခဲ့တဲ့အချိန်တွေတုန်းကဆိုရင်
ဆယ်ဟွန်းက ဘယ်လောက်ပဲ မအားနေပါစေ ၊
ဂျုံအင်စာမေးပွဲဖြေရသည့်အချိန်တွေအတွင်းမှာတော့
တစိုက်မတ်မတ်ဂရုစိုက်ပေးခဲ့သည်။
စားချိန် အိပ်ချိန်ကအစ ကြပ်မတ်ပေးပြီး
အနားတွင် ရှိပေးခဲ့သည်ပင် ။အခု ဆယ်ဟွန်းမရှိသည့်အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်သည့် ဂျုံအင်မှာ လဲမကျရုံတမယ်..။
~
ဒီနေ့တော့ အတူတက်ခဲ့သည့် အထက်တန်းကျောင်းက
ထိုင်ခုံလေးတွင် ဂျုံအင် အချိန်အတန်ကြာသည်အထိ
လာထိုင်နေခဲ့မိသည်။ကျောင်းသွားကျောင်းပြန်အတူရှိခဲ့တဲ့ ဆယ်ဟွန်း..။
အပြုံးလေးတစ်ခုကအစ နှုတ်ခမ်းလေးသပ်တတ်သည့်
အမူအကျင့်လေးတစ်ခု အဆုံး သူတသသ ငေးကြည့်ကာ
သဘောကျခဲ့ရတဲ့ ဆယ်ဟွန်း..။ ရံဖန်ရံခါဆိုသလို
သူ့ကို မျက်ဝန်းနက်နက်တွေဖြင့် စူးစိုက်ကြည့်တတ်တဲ့
ဆယ်ဟွန်း။ တစ်ခါတလေတော့လည်း တခြားတစ်ယောက်ရဲ့ လက်ကို ဆွဲကိုင်ထားတတ်ပြီး ၊
တစ်ခါတလေကျပြန်တော့လည်း တခြားသူကို
ရင်ခွင်ထဲထည့်ထားလေ့ရှိတဲ့ဆယ်ဟွန်း။