Chapter 5 (U)

407 53 8
                                    

ဝုန်းကနဲတံခါးဖွင့်သံနဲ့အတူ မားကပ်စ်ပေါ်လာတယ်။ ခုံမှာကျောမှီပြီး ရမ်သောက်နေတဲ့ဝမ်ရိပေါ်က စိတ်မဝင်စားသလိုမျက်နှာပေးနဲ့။ အဲ့နောက် မားကပ်စ်က ဒေါသမပါအောင်အသံကိုထိန်းပြောရင်း။

“မင်းပြောတော့ Fair Wind ကို အသာလေးယူလို့ရတယ်ဆို၊ အခုကျ အပြောနဲ့အလုပ်မညီသလိုပဲ ကပ္ပတိန်ဝမ်”

“သူ့ကိုသင်္ဘောပေါ်ဘယ်သူတက်ခွင့်ပေးလိုက်တာလဲ”

ဝမ်ရိပေါ်ရဲ့ကြားဖြတ်အမေးကို လက်ထောက်မိစ္ဆာကအမြန်ဖြေရဲ့။

“အချက်မပြဘဲ အတင်းတက်လာတာပါ၊ ဒါပေမဲ့ ကပ္ပတိန်က မဟာမိတ်မို့မသတ်ရဘူးပြောထားလို့…”

“မသတ်ရဘူးပဲပြောတာလေ ခြေဖြတ်လက်ဖြတ်တစ်ခုခုလုပ်လိုက်ပေါ့၊ ကိုယ့်သင်္ဘောအပေါ် ပိုင်စိုးပိုင်နင်း ဟော့ဟော့ရမ်းရမ်းတက်လာတဲ့ပေါက်လို့ပဲစားကောင်တွေကို မင်းတို့ကလက်ခံသလား”

လက်ထောက်မိစ္ဆာ ခေါင်းငုံ့သွားတယ်။ ဝမ်ရိပေါ်အသံက တိမ်တိုက်ဖြူတွေလိုတည်ငြိမ်သလောက် အကြည့်ကမုန်တိုင်းကျနေတဲ့ပင်လယ်သဖွယ်။ အဲတော့မှ မားကပ်စ်လည်း စိတ်လျှော့လိုက်ရတယ်။ ဒတ်ချ်မန်းပေါ်မှာရှိနေသရွေ့ သူတို့အသက်တွေမလုံခြုံဘူးဆိုတာ ဦးနှောက်ကမေ့သွားတယ်ထင်ရဲ့။

“ရိုင်းပျမှုအတွက်စိတ်မရှိပါနဲ့ ကပ္ပတိန်ဝမ်၊ အခုတလောစိတ်ဆတ်နေလို့ပါ”

ဝမ်ရိပေါ်က ဒီတစ်ခါနောက်ဆုံးပဲဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ထိုင်ဖို့နေရာပြလိုက်တယ်။ မားကပ်စ်က ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်ပြီး ရေတပ်မှူးက မားကပ်စ်အနောက်မှာမတ်တပ်ရပ်လျက်။

“အဲ့ဒီစုတ်ပြတ်တဲ့မြို့ကို ကျုပ်ကိုယ်တိုင်သွားခဲ့တာ Fair Wind ကို ဒီအတိုင်းလွှတ်ပေးလိုက်ဖို့လို့ လော့ဒ်မားကပ်စ်ကထင်တာလား”

“ဒတ်ချ်မန်းကပ္ပတိန်ရဲ့အစွမ်းအစကိုယုံပါတယ်၊ ငါမယုံတာ မင်းရဲ့အပြောင်းအလဲမြန်တဲ့စိတ်”

“စိတ်အပြောင်းအလဲမြန်တာ မင်းမဟုတ်ဘူးလား မားကပ်စ်”

ဝမ်ရိပေါ်က မားကပ်စ်ကိုစိုက်ကြည့်ရင်း ရမ်တစ်ငုံသောက်ရဲ့။ လေချိုသွေးလို့မရမှန်းသိတဲ့မားကပ်စ်မှာ ဘယ်လိုစကားဆက်ရမှန်းမသိတော့ချေ။ အဲ့အချိန် ဝမ်ရိပေါ်က မားကပ်စ်ကိုတစ်ခုပစ်ပေးလိုက်တယ်။ ငွေရောင်အဝိုင်းပြားလေးက စားပွဲပေါ်မှာတချွင်ချွင်လိမ့်ပြီး မားကပ်စ်အရှေ့ရောက်မှငြိမ်ကျသွားတယ်။ ကောက်ယူကြည့်တော့ မျက်နှာပြင်နှစ်ဖက်မှာ Fair Wind အလံပုံထွင်းထားတဲ့ငွေထည်အပြားတစ်ခု။

The Sea [Hiatus]Where stories live. Discover now