ဆောနူး ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးပဲ ထိုင်နေမိတယ်။ မေမေနဲ့ အန်တီမီယွန်းကတော့ မတွေ့ရတာကြာနေပြီကိုအကြောင်းပြပြီး ရေပက်မဝင်အောင်စကားတွေပြောနေကြတယ်။ ဆောနူးတို့ Australia ကို ပြောင်းလာတော့ အန်တီမီယွန်းတို့က Seoul မှာကျန်ခဲ့တာ။ မှတ်မိသလောက်က သူမူလတန်းမတက်ခင်ကတည်းအချိန်ကစလို့ သူတို့ အိမ်နီးနားချင်းဖြစ်ခဲ့ကြတာ။ သူ အလယ်တန်း ပထမနှစ်မှာ Australia ကို ပြောင်းလာတာဆိုတော့ မတွေ့ရတာ ငါးနှစ် ခြောက်နှစ်ရှိတော့မယ်။
အန်တီမီယွန်းတို့ မိသားစုမှာသူနဲ့အရင်းနှီးဆုံးက ယယ်ဂျီပဲ။ဆောနူးက ငယ်ငယ်ကတည်းက ပြေးလွှားရတာမျိုးတွေမကြိုက်ဘူး။ ထိခိုက်ဒဏ်ရာရမယ့် ကစားနည်းမျိုးတွေလည်းမဆော့ချင်ဘူး။ ဒါကြောင့်မို့ အေးအေးဆေးဆေးကစားနည်းတွေကစားတဲ့ ယယ်ဂျီနဲ့ အမြဲတတွဲတွဲရှိခဲ့တာ။
ဒါပေမယ့် သူတို့ကစားတိုင်းမှာ စနစ်တကျလာပြီးနှောက်ယှက်တဲ့လူလည်းရှိခဲ့တယ်။ ဘယ်သူလဲဆိုတော့ ပတ်ယယ်ဂျီရဲ့ တစ်ဦးတည်းသောအစ်ကို ပတ်ဆောင်ဟွန်း။
ပတ်ဆောင်ဟွန်းလို့ တွေးမိလိုက်တာနဲ့ ခေါင်းကဆစ်ခနဲထိုးကိုက်သွားတာ။ သူ့ငယ်ဘ၀ရဲ့ ဂြိုလ်သား အနှောက်အယှက် အဖျက်သမား။
ယယ်ဂျီနဲ့ ပြန်တေွ့ရမှာ ၀မ်းသာပေမယ့် အဲ့ဒီ့ တောင်ကိုရီးယားနိုင်ငံ့ဂုဏ်ဆောင် figure skater ပတ်ဆောင်ဟွန်းကိုတော့ သူလုံး၀မတွေ့ချင်ဘူး။ လေ့ကျင့်ရေးတစ်ချိန်လုံးဆင်းပြီး မအားလပ်တဲ့သူပေမယ့် ရတဲ့အချိန်လေးမှာ ဆောနူးကို သွေးတွေဆူပွက်အောင်လုပ်နိုင်တဲ့သူမို့ အခုပြန်တွေ့ရမှာကို နည်းနည်းမှမကြိုဆိုချင်ဘူး။
ဒါပေမယ့် ဆောနူးတစ်ယောက်သူရဲ့ကံကောင်းမှုကို မယုံကြည်နိုင်ဘူးလေ။ ဘာလို့ဆို သူမတွေ့ချင်တဲ့ ပတ်ဆောင်ဟွန်းတို့ တစ်မိသားစုလုံးက မျက်နှာချင်းဆိုင်အိမ်ကိုပြောင်းလာပြီး Seoul မှာကျန်ခဲ့တဲ့ ပတ်ဆောင်ဟွန်းကလည်း မနက်ဖြန်ဆို Australia ကို ရောက်လာမှာလေ။
အန်တီမီယွန်းပြောသလောက်တော့ သူ camp ဝင်ရမှာက Melbourne မှာ ဆိုပေမယ့် Canberra မှာပဲနေဖို့ဆုံးဖြတ်ထားတယ်တဲ့။ ေဆာနူးက သူ့ဘဝလေး Canberra မှာ 6 နှစ်လောက်ငြိမ်းချမ်းနေပြီမှတ်တာ ဂျိုမပါတဲ့နတ်ဆိုးက ကောက်ကောက်ပါအောင်လိုက်လာတာပဲ။