လက်ထဲက ပန်းစည်းကို တစ်ချက်ငုံ့ကြည့်ပြီး ဆောနူးစိတ်ရှုပ်သွားမိသည်။ သူဘာလုပ်နေမိတာလဲ။ တကယ်ခက်တာပဲ။
ပတ်ဆောင်ဟွန်းကို သူဝင်တွေ့ရမလား?
မဟုတ်သေးဘူး။ ဘာစိတ်ကူးနဲ့သူ ဒီ ထိ တကူးတကလိုက်လာခဲ့ရတာလဲ။ ဆောနူးသူ့ကိုသူလည်း ဝေခွဲမရအောင် ရှုပ်ထွေးနေမိတယ်။
သူတို့အခြေအတင်ဖြစ်ပြီး သိပ်မကြာခင်မှာ ဆောင်ဟွန်းက event တခုအတွက် Melbourne ကိုပြန်သွားခဲ့တယ်။ ပထမပိုင်းမှာတော့ ဆောနူးကအရမ်းအေးအေးချမ်းချမ်းရှိနေခဲ့ပေမယ့် တစ်ပတ်လောက်အကြာမှာ သူနေမထိထိုင်မသာဖြစ်လာခဲ့တယ်။
ဆောနူးက ဝန်မခံချင်ခဲ့ဘူး။ သူတစ်စုံတစ်ယောက်ကို တိတ်တခိုးသတိရမိနေတယ်ဆိုတာကိုပေါ့။ ဒါပေမယ့် သူ့ခြေထောက်တွေက သူ့ကိုသစ္စာဖောက်ပြီး ပတ်ဆောင်ဟွန်း camp ဝင်တဲ့နေရာထိ သူရောက်ချလာခဲ့ပြီလေ။
ဆောနူး စိတ်ရှုပ်ရှုပ်နဲ့ သူ့ဆံပင်တွေကိုဆွဲဖွမိတယ်။ သူဘာလို့ဒီလိုဖြစ်နေရတာလဲ? Canberra ကနေ Melbourne ထိ 10 နာရီကျော်ရထားစီးလာတဲ့ သူ့ကိုသူလည်း ရူးနေပြီလို့ ခံစားရတယ်။
ငယ်ငယ်ကတည်းက ပတ်ဆောင်ဟွန်းပိုင်စိုးပိုင်နင်းလုပ်လွန်းလို့ သူ့ကိုသူဆောင်ဟွန်းရဲ့ အရုပ်ကလေးလိုသူခံစားနေရတာလား။
ခေါင်းကိုခပ်သွက်သွက်ခါပြီး လှည့်ပြန်ဖို့သူလုပ်လိုက်တယ်။ ဒါပေမယ့် သူ့ခြေထောက်တွေသူ့နောက်ပါမလာတာကိုသူခံစားမိတယ်။
သူ့နှလုံးသားက လက်သည်းချွန်ချွန်နဲ့ကုတ်ခြစ်ခံနေရသလိုခံစားရတယ်။ ပတ်ဆောင်ဟွန်းရယ်..ဒုက္ခတွေပေးလိုက်တာ။
သူ အသက်ဝဝရှုသွင်းပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ ရောက်လာပြီးမှတော့ တွေ့သွားတာပေါ့။ သူ့ရင်ထဲက မရှင်းမလင်းတဲ့ ခံစားချက်ကြီးကိုလည်း သူအဖြေရှာချင်တယ်လေ။ဆောနူး camp အဝင်က security gate မှာ ဧည့်သည်ရောက်ကြောင်း အကြောင်းကြားပေးဖို့ပြောပြီး ငြိမ်ငြိမ်လေး စောင့်နေမိတယ်။ စောင့်နေရင်း လှည့်ပြန်ပြေးချင်မိတာလည်းအခါခါပဲ။
သူစောင့်နေတုန်းမှာ အားကစားဝတ်စုံဝတ်ထားတဲ့ ကောင်မလေးနှစ်ယောက်သူ့ဘေးနားကိုရောက်လာတယ်။ camp ဝင်တဲ့ ကျောင်းသူတွေ အပြင်ကပြန်လာကြတာ။ ကောင်မလေးနှစ်ယောက်က ဝင်းထဲကိုမဝင်သေးဘဲ သူ့ဘေးနားမလှမ်းမကမ်းမှာရပ်ပြီးစကားပြောနေကြတယ်။
