ထူပိန်းအောင် နက်မှောင်တဲ့ ခန်းစီးစတွေက လေးလံလွန်းလို့ လေတိုက်ရင်တောင် မရွေ့နိုင်တော့တဲ့အထိပဲ။ အခန်းထဲမှာ ဖယောင်းတိုင်ရှည်ရဲ့ အလင်းရောင် သဲ့သဲ့ပဲရှိနေခဲ့ပြီး အပြင်ဘက်က ငှက်တွေရဲ့ ကျီကျီကျာကျာ အော်မြည်သံရယ်က စတင်လာတယ်။ ပုဇဉ်းရင်ကွဲတွေရဲ့ အသံကတော့ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရင်း...
မကြာခင် နေထွက်တော့မယ်လို့ သိရတော့ သူ့ရဲ့ မျက်တောင်လေးတွေက မှေးပိတ်လာခဲ့တော့တယ်။ သို့ပေမဲ့ သူဟာ သူ့ဖိုးဖိုးပြောပြတဲ့ ပုံပြင်ကို နားထောင်ချင်လွန်းလို့သာ မျက်လုံးလေးတွေကို အကျယ်ဆုံး ပြူးထားရတာ။ ဖိုးဖိုးက ရွှေကိုင်းမျက်မှန်ကြီးကို ပင့်လို့ ကျွန်းကတိုးသား အခေါင်းထဲ သူ့ကို ချီကာ ထည့်ပေးရင်း ပုံပြင်ကို အေးအေးသက်သာ ဆက်ပြောပြတယ်။
"အဲ့ဒီ အမည်မဖော်ဝံ့တဲ့လူက မြို့တွေကို လိုက်မီးမရှို့ခဲ့စဉ်က ဖိုးဖိုးတို့ဦးရေက ဒီ့ထက် များခဲ့တာပေါ့... များလွန်းလို့ ညဘက်ဆို လမ်းလျှောက်ရင် ပုခုံးချင်းတိုက်နေခဲ့ကြတာ...
အမဲလိုက်တဲ့အခါလဲ ညီညွတ်ကြပြီး ဘယ်အရာကိုမှ ကြောက်စရာမရှိခဲ့တာပေါ့ ... ဒါပေမဲ့..."ဖိုးဖိုးက သူ့ပုံပြင်ကို စိတ်ဝင်စားဖို့ကောင်းအောင် ခဏတာရပ်လိုက်ပြီး Jakeနားထောင်နေသလား မျက်မှန်အောက်ကနေ တစ်ချက်ကြည့်လိုက်သေးတယ်။ Jake နှုတ်ခမ်းစူပြီး ဖိုးဖိုးလက်ကို လှုပ်ယမ်းလိုက်တယ်။
"အဲ့တာပြီးတော့?..."
ဖိုးဖိုးက ချောင်းတစ်ချက်ဟန့်ပြီး ဆက်ပြောတယ်။
"သူက အစက လူတိုင်းရဲ့ အားကိုးရာဖြစ်ခဲ့တာပါ...
ဖိုးဖိုးရဲ့ အဘေးရဲ့ အဘေးတွေဆို သူ့လက်အောက်က မြို့စားမင်းတွေဖြစ်ခဲ့ကြတယ်... ညလူသားတွေအတွက် သူက လမင်းကြီးလို ဖြစ်တည်မှုမျိုးပဲ... ညလူသားအားလုံး အစားအစာမပြတ်လပ်စေရ... နေရောင်ခြည်ဒဏ်မခံစေရ...
လူတွေဖမ်းဆီးပြီး သတ်ဖြတ်ခြင်းအား မခံစားစေရ...
ဒါ့အပြင် လူသားတွေအားလဲ မသတ်ရဆိုပြီး လူသားတွေနဲ့ ငြိမ်းချမ်းရေး ယူခဲ့ကြတာပေါ့...အေးချမ်းတဲ့နေ့ရက်တွေဖြစ်ခဲ့တာပါ။ ညလူသားတွေအားလုံးက သူ့ရဲ့ စကားကိုပဲ ဥပဒေလို့ မှတ်ယူခဲ့ကြတာပေါ့... သူရူးမသွားခင်လေးအထိပါပဲ..."