သူနဲ့ ကျွန်မဟာ ငယ်သူငယ်ချင်း။ မွေးကတည်းက သိလာတာလို့ပြောရင် ပိုမှန်တယ်။ ကျွန်မတို့ရဲ့ အမေတွေဟာ သူငယ်ချင်းဖြစ်ကြသလို ကျွန်မတို့ရဲ့ အစ်ကိုတွေကလဲ ညီအစ်ကိုတွေလို ခင်ရတဲ့ သူငယ်ချင်း အရင်းအချာတွေ။ ဒီလိုနဲ့ သူနဲ့ ကျွန်မဟာလဲ မွေးကတည်းက သိကျွမ်းလာရတဲ သူတွေ ဖြစ်လာတော့တာပါပဲ။
သူနဲ့ကျွန်မဟာ ငယ်ငယ်ကတည်း သွားအတူ၊ စားအတူ၊ ကျောင်းလဲအတူတူ။ သူနဲ့ ကျွန်မဟာ သူ့အိမ် ကျွန်မအိမ်ကို ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး ဝင်ထွက်သွားလာ ကူးလူးနေကြတာ။ အိမ်တွေကလဲ ဘေးချင်းကပ်ရပ်ကိုး။
ဒါပေမဲ့ ဒုတိယတန်း တက်ရောက်တဲ့နှစ်မှာပဲ ကျွန်မတို့ဟာ အိမ်ပြောင်းဖို့ ဖြစ်လာတယ်။ ကျွန်မအဖေရုံးက ကျွန်မအဖေကို လက်ရှိနေနေတဲ့ ကလောမြို့ကနေ တောင်ကြီးကို ရွှေ့ဖို့ အမိန့်ကျလာတယ်။ တောင်ကြီးနဲ့ ဒီကို ကူးဖို့က ခက်ခဲလှချည်ရဲ့ မဟုတ်ပေမဲ့ ရုံးက နေမဲ့နေရာကိုပဲ စီစဥ်ပေးလာတော့ ပြောင်းဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်မဟာ ခွဲခွာဖို့ ဖြစ်လာခဲ့တယ်။
ဒီသတင်းကို ကြားတာနဲ့ သူဟာ ကျွန်မတို့ဆီကို အပြေးရောက်လာပြီး သူ့ကို ကျွန်မတို့နဲ့ ခေါ်ဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်လာနိုင်လိမ့်မလဲ။ သူကတော့ ကျွန်မတို့နဲ့ လိုက်ဖို့ ခွင့်မပေးမချင်း အတင်းဆန္ဒပြနေဆဲပဲ။ နောက်ဆုံးသူတို့အိမ်ကလူတွေရော ကျွန်မအိမ်ကလူတွေကပါ အတင်းဖြောင်းဖြပြီး ပြန်ဖို့ ပြောလိုက်ရတယ်။
ကျွန်မတို့ တောင်ကြီးကို သွားမဲ့နေ့မှာ သူ ကျွန်မဆီကို ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ပြီးတော့ သူက ကျွန်မကို ချစ်တယ်ဆိုပြီး ဖွင့်ပြောလာတယ်။ ပြီးတော့ သူက ပြောသေးတယ်။ "ငါနင့်ဆီကို လာခဲ့မယ်။ စောင့်နေပါ။ နှင်းယွန်းသဒ္ဓါ" တဲ့။
ဒီလိုနဲ့ ကျွန်မတောင်ကြီးမြို့ကို ရောက်ခဲ့ပြီ။ သူကျွန်မသတင်း ကြားမကြား မသိပေမဲ့ သူ့သတင်းကိုတော့ ကြားနေဆဲပဲ။ ကျွန်မတို့ ငါးတန်းနှစ်မှာ သူအခြားကောင်မလေးတစ်ယောက်ကို ကြိုက်တယ်လို့လဲ သတင်းသဲ့သဲ့လေး ထွက်လာသေးတယ်။ သူကတော့ ကျွန်မကို ဆက်သွယ်လေ့မရှိဘူး။ ဒါပေမဲ့ တစ်ခါတလေကျွန်မအစ်ကိုကို သူ့အစ်ကိုကနေ တစ်ဆင့် မေးတယ်ဆိုပဲ။
တစ်ရက်က ကျွန်မ သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဘယ်လိုတွေ့တာလဲ ဆိုတာကို ပြောရရင် သူ့အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရဲ့ အဖေတွေက ကျွန်မအဖေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ။ သူတို့အဖေ တောင်ကြီးကို အလုပ်ကိစ္စနဲ့ လာတော့ သူတို့ပါ သူတို့အဖေအလုပ်ကို လေ့လာဖို့ လိုက်လာခဲ့တယ် ဆိုလားပဲ။ ကျွန်မကတော့ အဲ့လိုမထင်ဘူး။ တောင်ကြီးက ဘယ်လိုဆိုတာကို စပ်စပ်စုစုသိချင်လို့ ရောက်လာတာပဲနေမှာ။
YOU ARE READING
One Shot Collection
Randomကျွန်တော့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကို ပို့ဆောင်ပေးသွားမှာပါ...။ ခင်ဗျားလေးတို့ လိုက်ချင်ကြလား...?