ဒီနေ့ဟာ အေးချမ်းမူရာရဲ့ မွေးနေ့။
သူဟာ အကြောင်းပြချက် မယ်မယ်ရာရာ မရှိဘဲမွေးနေ့ကိတ်တစ်လုံး ဝယ်လာခဲ့တယ်။ တစ်ယောက်တည်းဆိုပေမဲ့ သူ မွေးနေ့ကိတ်လေး စားချင်လာတယ်။ ကိတ်ရဲ့အချိုဓာတ်ကို မြည်းစမ်းကြည့်ရင်း သူ့ရဲ့ အထီးကျန်ဘဝကနေ ခဏလောက် လွတ်မြောက်နိုင်မယ်လို့ တွေးမိရင်းပေါ့လေ။
ဘယ်သူမှမရှိတဲ့ သူ့ရဲ့မွေးနေ့ပွဲ ဖြစ်နေတော့ သူလဲ "Happy Birthday to you" သီချင်းမဆိုမိပါဘူး။ သူ့အနေနဲ့ သေချာတွေးကြည့်ရင် တစ်ယောက်တည်းဖြစ်နေတာ နှစ်နှစ်၊ မဟုတ်ဘူး သုံးနှစ်တောင် ကြာပေါ့ပါလား။
သူတစ်ယောက်တည်း မွေးနေ့ကိတ်ခွဲပြီး သူ့အတွက်သူ ထည့်ပေးလိုက်တယ်။ ကိတ်ကို စားကြည့်လိုက်တဲ့အခါ ချိုဆိမ့်ဆိမ့်အရသာလေးကို ရတယ်။ ဒီအရသာဟာ သူနဲ့တော်တော် ရင်းနှီးနေသလိုဆိုပေမဲ့ သူ့ရဲ့မူပိုင် အရသာမဟုတ်ပါဘူး။ ပြီးတော့ သူအမှတ်တရတစ်ခုစီကို စိတ်ရောက်သွားခဲ့တယ်။ သူ့ရဲ့ တစ်ဦးတည်းသော ကိတ်မုန့်ဖုတ်သမားလေး "ကိုခက်" ဆီကိုပေါ့။
ကိုခက်နဲ့သူဟာ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတယ်။ အလုပ်အတူတူလုပ်ရင်းနဲ့မှ ကိုခက်ဘက်က သူ့ကို ချစ်မြတ်နိုးလာတာကြောင့် သူ့ကို မရမက လိုက်ပါတယ်။ သူလဲ နဂိုကတည်းက ကိုခက်အပေါ် စိတ်ရှိနေတဲ့သူဖြစ်တော့ ကိုခက်သူ့ကို ပိုးပန်းတဲ့အခါမှာ သိပ်ကြာကြာ မမူလိုက်ဖြစ်ဘဲ တွဲဖြစ်ခဲ့ကြတယ်။
တွဲခဲ့တဲ့အချိန်က ပုံမှန်အတွဲတွေ လိုပါပဲ။ ဒါပေမဲ့ သူ့အတွက်တော့ အဲအချိန်တွေက အပျော်ရဆုံးအချိန်တွေပါပဲ။ ကိုခက်ဟာ သူ့အကြိုက် မကြိုက် အလုံးစုံသိသလို သူဟာလဲ ကိုခက် ကြိုက်တာ မကြိုက်တာ အားလုံးသိပါတယ်။ အလုပ်အတူတူလုပ်ကြတယ်။ အလုပ်ချိန်မှာ ချစ်သူမဟုတ်သလို မောင်နှမတွေက မေတ္တာထားကြသလို ဂရုစိုက်ဖြစ်ကြပေမဲ့ အလုပ်ချိန်ကျော်သွားတဲ့အခါ ချစ်သူတွေ အဖြစ် နေဖြစ်ကြတယ်။
ကိုခက်နဲ့ ပတ်သတ်ပြီး သတိအရဆုံးမှတ်ဉာဏ်တွေကတော့ သူ့အတွက် သီးသန့်ကိတ်မုန့် ဖုတ်ပေးတဲ့အချိန်ပါပဲ။ သူ့ရဲ့မွေးနေ့တိုင်း၊ ကိုခက်ရဲ့မွေးနေ့တိုင်း၊ သူတို့နှစ်ယောက်ရဲ့ Anniversary ရက်တိုင်းမှာ နှစ်ယောက်လုံးခွင့်ယူပြီး မွေးနေ့ကိတ်လေး ဖုတ်ဖြစ်ပါတယ်။ အစအဆုံးနီးပါး ကိုခက်ပဲ လုပ်ပေးသွားတာပါ။ သူကတော့ ကိုခက် လုပ်သမျှကို ထိုင်ပြီး တစ်စိမ့်စိမ့်ငေးဖြစ်ပါတယ်။ ကိတ်မုန့်ဖြစ်အောင် ဂရုတစိုက်လုပ်ပေးနေတဲ့ ကိုခက်ရဲ့ ယောက်ျားဆန်ဆန်လက်ချောင်းတွေ၊ အာရုံစူးစိုက်နေတဲ့ ကိုခက်ရဲ့ မျက်ဝန်းညိုညိုလေးတွေ၊ စိတ်ရှည်လက်ရှည်လုပ်ပေးနေတယ်ဆိုတာ သိသာတဲ့ ကိုခက်ရဲ့ နွေးထွေးလှတဲ့ အပြုံးလေးတွေ။ ကိုခက်ရဲ့ အနုစိတ်လှတဲ့ အနုပညာတွေကို ငေးရတာ သူ့အတွက်တော့ အေးချမ်းတဲ့ ရှူမျှော်ခင်းတွေကို ကြည့်နေရသလိုပါပဲ။
YOU ARE READING
One Shot Collection
Diversosကျွန်တော့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကို ပို့ဆောင်ပေးသွားမှာပါ...။ ခင်ဗျားလေးတို့ လိုက်ချင်ကြလား...?